အင်အားကြီး နိုင်ငံများနှင့် ယှဉ်ပြိုင်ကစားခြင်း

E-mail Print
မြန်မာစစ်အစိုးရက (Made in America) "အမေရိကန် ဘက်ကလား"၊ (Made in China) "တရုတ် ဘက်ကလား" ဆိုသည်ကို ရှင်းရှင်းလင်းလင်း ဖွင့်ချလိုက်ပါက တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေး အကြီးအကျယ် ထိခိုက်မည်မှာ အံ့သြဖွယ်မရှိပါ။

ယခုအခါ ၀ါရှင်တန်ရှိ အမေရိကန်အစိုးရက မြန်မာစစ်အစိုးရနှင့် မြန်မာအတိုက်အခံ လှုပ်ရှားမှုများ အပေါ် ထားရှိမည့် မူဝါဒအသစ်ကို တရုတ်နိုင်ငံက စိတ်ဝင်တစား စောင့်ကြည့်လေ့လာလျက် ရှိသည်။ တပြိုင်နက်တည်းမှာပင် အစိုးမရ နိုင် သော နေပြည်တော်ရှိ မြန်မာစစ်အစိုးရက တရုတ်နိုင်ငံအပေါ် ထားရှိသည့် ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး မည်မျှ ခိုင်မာခံလိမ့်မည်ဆိုသည်ကိုလည်း အကဲခတ်နေကြသည်။
 
အတိတ်ကာလတွင် တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးထားသည့် သူပုန်များကို ဆန့်ကျင်တိုက်ခိုက်နေရစဉ် မြန်မာစစ်တပ် အရာရှိများက ၎င်းတို့အသုံးပြုခဲ့ကြသည့် အနောက်နိုင်ငံများမှ ထုတ်လုပ်သော လက်နက် စံနှုန်းများနှင့် လည်း ကျွမ်းဝင်အသားကျနေသူများ ဖြစ်ကြသည်။ ၎င်းတို့က တရုတ်နိုင်ငံ၏ လူမျိုးကြီး ဗိုလ်ကျစိုးမိုးရေးဝါဒ၊ မြန်မာနိုင်ငံ သို့ မော်စီတုန်း၏ ကွန်မြူနစ်ဝါဒကို တင်ပို့ပြီး လက်အောက်ခံ အစိုးရတရပ်ဖြင့် အစားထိုးနိုင်ရေး ကြိုးပမ်းခဲ့မှုများနှင့် ပတ်သက်၍ မမေ့နိုင်သော သမိုင်းကြောင်းများလည်း ရှိနေသေးသည်။

ဤသို့သော နေ့ရက်များက ကုန်ဆုံးလာနေခဲ့ပါပြီ။ မြန်မာစစ်တပ်က ၁၉၈၈ ခုနှစ်တွင် ဒီမိုကရေစီရေး တောင်းဆိုဆန္ဒပြသူ များကို အကြမ်းဖက်ချေမှုန်း၍ အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်းတွင် တရုတ်နိုင်ငံက မြန်မာစစ် အစိုးရအတွက် အခိုင်မာဆုံး ကျောထောက်နောက်ခံပေးထားသူ မဟာမိတ် ဖြစ်လာခဲ့သည်။ လွန်ခဲ့သည့် ၂၁ နှစ်တာ ကာလအတွင်း တရုတ်နိုင်ငံ က မြန်မာနှင့်ဆက်ဆံရေးတွင် "ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး" မူဝါဒကို ချမှတ်၍ အရေးပါသည့် အခန်းကဏ္ဍက ပါဝင် လှုပ်ရှားလာခဲ့သည်။

မြန်မာနိုင်ငံဘက်ကလည်း "တပြည်ထောင်တည်း"ဟူသည့် တရုတ်နိုင်ငံ၏မူကို ခိုင်ခိုင်မြဲမြဲ ထောက်ခံလာခဲ့သည်။ ၁၉၈၉ ခုနှစ် တီယန်နန်မင် ရင်ပြင် လူထုအုံကြွမှုများ ပေါ်ပေါက်စဉ်ကလည်း ဘေဂျင်းအစိုးရကို စာနာကြောင်း ဖော်ပြခဲ့သည်။ ၁၉၉၉ ခုနှစ်တွင် နေတိုးတပ်ဖွဲ့၏ လေယာဉ်များက ဆားဗီးယားနိုင်ငံ၏မြို့တော် ဘဲလ်ဂရိတ်ရှိ တရုတ်သံရုံးကို ဗုံးကြဲ တိုက်ခိုက်မိစဉ်ကလည်း မြန်မာအစိုးရက ချက်ချင်းကြေညာချက်ထုတ်၍ အနောက်နိုင်ငံများကို တုံ့ပြန်ရှုတ်ချခဲ့သေးသည်။

ဤလုပ်ဆောင်ချက်များသည် မြန်မာစစ်အစိုးရအနေနှင့်လည်း ၁၉၈၈ ခုနှစ်မှစ၍ အနောက်နိုင်ငံများနှင့် ဆက်ဆံရေးဆိုးရွား လာနေသည့်အတွက် တရုတ်နိုင်ငံမှလွဲလျှင် တခြားရွေးချယ်စရာ မရှိနိုင်သောကြောင့်လည်း ဖြစ်နိုင်သည်။ သို့သော် တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံရေးသည် ပုံမှန်မဟုတ်ဘဲ နှစ်နိုင်ငံအကြား နီးစပ်ဆက်ဆံမှုကို ပုံကြီးချဲ့နေကြ သည်ဟု ဝေဖန်မှုများလည်း ရှိနိုင်သေးသည်။

ဗြိတိန်နှင့် ဂျပန် ကျူးကျော်သူများကို ဆန့်ကျင်တိုက်ခိုက်ခဲ့သည့် ယခင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေ၀င်းက နယ်ချဲ့လာ မည့် အင်အားစုများ၊ နိုင်ငံကြီးများကို အစဉ်စိုးရိမ်ကြောက်ရွံ့နေခဲ့သည်။ စစ်အေးတိုက်ပွဲကာလတလျှောက်လုံး ၁၉၆၂ ခုနှစ် မှ ၁၉၈၈ ခုနှစ်အထိ ၎င်းချုပ်ကိုင်ခဲ့သည့် ကာလများတွင် ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ကင်းကင်းရှင်းရှင်း နေ၍ မိမိ လုံခြုံ ရာ အခန်းကဏ္ဍမှသာ ပါဝင်ဆောင်ရွက်ခဲ့သည်။

ဗိုလ်ချုပ်နေ၀င်းနှင့် သူ၏ ထိပ်သီးစစ်ခေါင်းဆောင်များက မြန်မာနိုင်ငံ၏ ပထ၀ီနိုင်ငံရေးအရ အရေးပါပုံကို ကောင်းစွာသိရှိ ထားကြသည်။ မြန်မာနိုင်ငံသည် တရုတ်နှင့် အိန္ဒိယနိုင်ငံကြီး နှစ်ခုအကြား မဟာဗျူဟာကျသည့် နေရာတွင် တည်ရှိနေ သည်ကို ၎င်းတို့က သိရှိထားသည်။

သို့သော် ဗိုလ်ချုပ်နေ၀င်း ချမှတ်ကျင့်သုံးခဲ့သည့် ကြားနေရေးမူဝါဒက သူ့အတွက် ကောင်းစွာ အကာအကွယ် မပေးနိုင်ခဲ့ပါ။ ၁၉၆၀ ခုနှစ် နှောင်းပိုင်းကာလများတွင် တရုတ်ကွန်မြူနစ် ခြိမ်းခြောက်မှုအန္တရာယ်နှင့် အကြီးအကျယ် ကြုံတွေ့ရသည့် အခါ အမေရိကန်နှင့် ဥရောပနိုင်ငံများမှ စစ်ရေးအကူအညီ ရရှိနိုင်ရေး ကြိုးပမ်းခဲ့ရသည်။

၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး ၄ နှစ်အကြာတွင် ဦးနေ၀င်းက အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လည်ပတ်ခဲ့ပြီး
အိမ်ဖြူတော်တွင် သမ္မတ လင်ဒန် ဂျွန်ဆင် (Lyndon Johnson) နှင့်အတူ နေ့လယ်စာ စားခဲ့သည်။  

ဤဖြစ်ရပ်မတိုင်မီ လအနည်းငယ်တွင် အမေရိကန် ပြည်ထောင်စုမှ အထက်လွှတ်တော်အမတ် မိုက် မန်းစ်ဖီးလ် (Senator Mike Mansfield) မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည်ကို ဦးနေ၀င်းက လက်ခံတွေ့ဆုံခဲ့သေးသည်။ ဦးနေ၀င်းအစိုးရ အာဏာသိမ်းပြီးနောက်ပိုင်းကာလတွင် မြန်မာနိုင်ငံသို့ လာရောက်သည့် အဆင့်အမြင့်ဆုံး အမေရိကန် အာဏာပိုင်လည်း ဖြစ်သည်။

မြန်မာ အာဏာရှင်ကြီးဦးနေ၀င်းက တရုတ်နိုင်ငံ ပူပန်နေသကဲ့သို့ အနောက်နိုင်ငံများ အလိုကျ လိုက်လျောခဲ့ခြင်း မရှိသော် လည်း သူ၏ အမေရိကန် ခရီးစဉ်သည် ဘေဂျင်းအစိုးရအတွက် စိုးရိမ်ပူပန်ဖွယ် ဖြစ်စေခဲ့သည်။ ဦးနေ၀င်းက နောက်ပိုင်း တွင် ဘေဂျင်းကိုလည်း ပါးနပ်စွာအသုံးချနိုင်ခဲ့ပါသည်။  

အမေရိကန် ခရီးစဉ်အပြီး တနှစ်အကြာတွင် မြန်မာနိုင်ငံ၌ တရုတ်-ဗမာ အဓိကရုဏ်းများ ပေါ်ပေါက်လာသည်။ ဦးနေ၀င်း က တရုတ်နိုင်ငံသို့ ပြန်၍ အောက်ကြို့ဖျောင်းဖျရသည့် အနေအထား ဖြစ်လာပြီး နှစ်နိုင်ငံအကြား ပျက်ပြားခဲ့ရသည့် ဆက် ဆံရေးကို ပြန်လည်ကောင်းမွန်လာစေရန် ဖြည်းဖြည်းချင်း ပြင်ဆင်တည်ဆောက်ခဲ့သည်။ သို့သော်လည်း ၎င်းက မြန်မာ နိုင်ငံ၏ ကြားနေရေး မူဝါဒကို ခိုင်ခိုင်မြဲမြဲ ဆက်လက်ကိုင်စွဲထားခဲ့သည်။

ဘေဂျင်း၌ ကျင်းပသည့် တရုတ်အမျိုးသားနေ့အခမ်းအနားတွင် ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင် သခင် ဗသိန်းတင် ကို တရုတ်အစိုးရ၏ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားတက်ရောက်စေခဲ့ပြီး နိုင်ငံ့ခေါင်းဆောင်များ အကြားတွင် ခမာနီ ခေါင်းဆောင် ပိုပေါ့ပြီးလျှင် ဒုတိယ အရေးအပါဆုံးဧည့်သည်တော်အဖြစ် တရုတ်ခေါင်းဆောင်များက အလေးပေး ဆက်ဆံ ခဲ့သည်။

၁၉၇၇ ခုနှစ် ဒီဇင်ဘာလတွင် ဦးနေ၀င်းက မမျှော်လင့်ဘဲ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့သို့သွားကာ ခမာနီခေါင်းဆောင် ပိုပေါ့နှင့် တွေ့ဆုံခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ကာလ ခမာနီများ အာဏာရယူထားချိန်မှစ၍ နိုင်ငံခြားအစိုးရ တရပ်၏ ခေါင်း ဆောင်အဖြစ် ပထမဦးဆုံး ရောက်ရှိလာခြင်း ဖြစ်သည်။

ဦးနေ၀င်း၏ ဤခရီးစဉ်က နိုင်ငံတကာအကြား အထီးကျန်ဖြစ်နေသည့် ခမာနီအစိုးရ၏ အခြေအနေကို ချိုးဖျက်ရန် ရည် ရွယ်ချက် ရှိခဲ့သကဲ့သို့ ဤခရီးစဉ်အတွက်လည်း သူ အမြတ်ထွက်ခဲ့သည်။ ဘေဂျင်းအစိုးရက မြန်မာနိုင်ငံအပေါ် စီးပွားရေး အကူအညီများ တိုးပေးလာခဲ့ပြီး မြန်မာကွန်မြူနစ် သူပုန်များ၏ လျှို့ဝှက်ရေဒီယို အသံလွှင့်ဌာနကို တရုတ်နိုင်ငံ အတွင်းမှ မြန်မာနိုင်ငံတွင်းသို့ ပြောင်းရွှေ့အခြေချစေရန်လည်း အမိန့်ပေးခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၏ စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ခြေမြန်တပ်မ(၁၀၁)တွင် ယခင်က ဗိုလ်ကြီးအဖြစ် ယာယီတာဝန်ယူခဲ့ဖူးသူ ဖြစ်သည်။ ဦးနေ၀င်းက တိုင်းပြည်၏ ပြည်တွင်း ပြည်ပရေးရာ ပြဿနာများကို မည်သို့ မည်ပုံ ကိုင်တွယ်ခဲ့သည်ကို စိတ်ဝင်စားစွာ လေ့လာနေသူတဦး ဖြစ်ခဲ့မည်မှာ မလွဲပေ။  

ဗိုလ်ချုပ်သန်းရွှေက နောက်ပိုင်းတွင် မြန်မာနိုင်ငံ မြောက်ပိုင်းရှိ ကွန်မြူနစ်သူပုန်များကို ရင်ဆိုင်တိုက်ခိုက်နေရသည့် အမှတ်(၈၈)ခြေမြန်တပ်မကို ကွပ်ကဲရန်လည်း ၁၉၈၀ ခုနှစ်များတွင် တာဝန်ပေးခံခဲ့ရဖူးသူ ဖြစ်သည်။
 
ခြေလျင်တပ်များကို ကွပ်ကဲရသည့် အခြားတပ်မှူးများနည်းတူ ဗိုလ်ချုပ်သန်းရွှေနှင့် သူ၏ ဒု ခေါင်းဆောင် ဒု ဗိုလ်ချုပ်မှူး ကြီးမောင်အေးတို့က တရုတ်နိုင်ငံအပေါ် အထူးချစ်ခင်နှစ်လိုစိတ် မရှိကြကြောင်း သိထားကြပါသည်။

ဘေဂျင်းအစိုးရအနေနှင့် သမားရိုးကျမဟုတ်သော အမျိုးသားရေး ပြင်းထန်သူ၊ လွတ်လပ်စွာ တွေးခေါ်လှုပ်ရှားတတ်ပြီး တိုက်ပွဲများအကြား ထုသားပေသားကျနေသူ မြန်မာတပ်မတော် ခေါင်းဆောင်များကို လျှော့ပေါ့တွက်ထားခဲ့ပုံရသည်။ တရုတ်နိုင်ငံက ယခင် ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ခင်ညွန့်ကို အပိုင်စည်းရုံးရင်း မြန်မာနိုင်ငံနှင့် ဆက်ဆံ ရေးသီအိုရီ မှားခဲ့ပြန်သည်။ ၂၀၀၄ ခုနှစ် တွင် ဗိုလ်ချုပ်ခင်ညွန့် ရုတ်တရက် ရာထူးက ဖယ်ရှားခံရသည့်အခါ ဘေဂျင်း အစိုးရအတွက် မြန်မာ မိတ်ဆွေများထဲမှ တဦး ဆုံးရှုံးလိုက်ရသည်။

မြန်မာအမျိုးသားရေးဝါဒီ အများစုကဲ့သို့ပင် ဗိုလ်ချုပ်သန်းရွှေကလည်း မြန်မာနိုင်ငံအနေနှင့် တရုတ်အပေါ် အလွန်အမင်း မှီခိုအားထားနေရခြင်းကို မလိုလားပေ။ ၎င်းတို့ အလွန်လိုအပ်နေသည့် စစ်လက်နက်ပစ္စည်းများ အတွက် မှီခိုနေရ ခြင်း ကိုပင် တွန့်ဆုတ်နေမိသည်။ တရုတ်အစိုးရက ရောင်းပေးသည့် ဂျက်တိုက်လေယာဉ်များ တစစ ပျက်စီးလာသည့်အခါ မြန်မာစစ်အစိုးရက ရုရှားနှင့် အရှေ့ဥရောပနိုင်ငံများမှ ပို၍ အားထားနိုင်သည့် စစ်လက်နက်ပစ္စည်းများဖြင့် အစားထိုးရန် ရှာဖွေလာတော့သည်။  

မြန်မာနိုင်ငံနှင့် ဆက်ဆံရေးတွင် မလွယ်ကူလှသည်ကို တရုတ်နိုင်ငံက တလျှောက်လုံး တွေ့ကြုံလာရသည်။ ၂၀၀၁ ခုနှစ် ဒီဇင်ဘာလတွင် တရုတ်သမ္မတ ကျန်စီမင်း(Jiang Zemin) နှစ်နိုင်ငံ စီးပွားရေးနှင့် မဟာဗျူဟာ အရ တိုး၍ ချစ်ကြည်စွာ ဆက်ဆံရေးအတွက် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်စဉ်တွင်လည်း ဗိုလ်ချုပ်သန်းရွှေက ဗန်းမော်မှတဆင့် ဧရာဝတီ မြစ်ကို ဖြတ်ကာ ဘင်္ဂလားပင်လယ်အော်အတွင်းသို့ တရုတ်သင်္ဘောများ သွားလာခွင့်ပြုရေး သဘောတူညီချက် လက်မှတ် ရေးထိုးရန် ငြင်းပယ်ခဲ့သောကြောင့် တရုတ်ခေါင်းဆောင်များ ကသိကအောင့် ဖြစ်ခဲ့ရသေးသည်။  
 
တရုတ်နိုင်ငံက အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း စီးပွားရေးနှင့် မဟာဗျူဟာအရ အကျိုးစီးပွားများ မြင် ထားသည်ကို မြန်မာစစ်အစိုးရ ခေါင်းဆောင်များကလည်း ကောင်းစွာ သိရှိထားကြပါသည်။

သမ္မတကျန်စီမင်း အလည်အပတ်ခရီးစဉ် မတိုင်မီ နှစ်နှစ်ခန့်ကလည်း ဗိုလ်ချုပ်သန်းရွှေက ရုရှား၊ အိန္ဒိယ၊ ပါကစ္စတန်နိုင်ငံ များနှင့် တိုး၍ ဆက်ဆံခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်များက ၎င်းတို့သည် တရုတ်၏ သြဇာခံရုပ်သေးအစိုးရ မဟုတ်ကြောင်း ပြသခဲ့ကြသည်။

မြန်မာနိုင်ငံက သတိကြီးကြီးထား ဆက်ဆံခဲ့သော်လည်း တရုတ်နိုင်ငံကမူ ခိုင်မာသည့် မဟာမိတ်အဖြစ် ရပ်တည်ပေးလာခဲ့ သည်။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အပါအ၀င် မြန်မာစစ်အစိုးရ ဒုက္ခကြုံတိုင်း ရပ်တည်ကူညီပေးလာခဲ့ သည်။ အပြန်အလှန်အားဖြင့် မြန်မာနိုင်ငံဘက်ကလည်း တရုတ်နိုင်ငံသို့ သဘာဝဓာတ်ငွေ့ရောင်းချပေးရန် သဘောတူညီ ခဲ့ပြီး မြန်မာနိုင်ငံကို ဖြတ်၍ တရုတ်၏ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်း တည်ဆောက်ရန်လည်း သဘောတူညီခဲ့သည်။

တရုတ်နိုင်ငံတခုတည်းကိုသာ မှီခိုအားထားရန် မြန်မာစစ်အစိုးရက စဉ်းစားထားဟန် မရှိပါ။ သို့အတွက်ကြောင့်ပင် ယခု အမေရိကန် ပြည်ထောင်စု၏ မူဝါဒအပြောင်းအလဲက သူတို့အတွက် ဆွဲဆောင်မှု တစုံတရာ ရှိနေသည်။ အမေရိကန်နှင့် ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်ခြင်းဖြင့် တရုတ်၏ သြဇာလွှမ်းမိုးလာမှုကို တန်ပြန်နိုင်မည်ဟုလည်း ယူဆထားနိုင် သည်။

စစ်အစိုးရအနေနှင့် အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံရေးကိစ္စများတွင် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး၊ ကျန်းမာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စများ၊ ဒုတိယကမ္ဘာစစ်အတွင်း မြန်မာပြည်စစ်မျက်နှာတွင် ကျဆုံးသွားရသည့် အမေရိကန်စစ်သားများ၏ ရုပ်ကြွင်း ရှာဖွေရေးကိစ္စများ စတင်၍ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဟု တွက်ဆ ထားနိုင် သည်။
 
ဤလုပ်ငန်းများမှ အစပြု၍ အမေရိကန် ပြည်ထောင်စုအနေနှင့် စစ်အစိုးရနှင့် ဆက်ဆံရေးလမ်းကြောင်းကို ချဲ့ထွင်သွားနိုင် သည်။ အကယ်၍ မြန်မာ့တပ်မတော်အတွင်း၌ အနာဂတ်တွင် အမေရိကန် လိုလားသည့် စစ်အရာရှိများ အင်အားကောင်း လာပါကလည်း ပို၍ အဆင်ပြေဖွယ် ရှိပါသည်။

သို့သော်လည်း လက်ရှိ စစ်အစိုးရက နိုင်ငံရေးကဏ္ဍနှင့် ပတ်သက်လာလျှင်မူ မည်မျှလိုက်လျောမည်ဆိုသည်မှာ သံသယ ဖြစ်ဖွယ် ရှိနေသေးသည်။ ၀ါရှင်တန်ရှိ အမေရိကန်အစိုးရက တောင်းဆိုထားသကဲ့သို့ အင်အားစု အားလုံးပါဝင်နိုင်သော လွတ်လပ်ပြီး မျှတသည့် ရွေးကောက်ပွဲများ ဖြစ်ပေါ်လာစေရေး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေးကိစ္စများကိုမူ လက်ခံလိုက်လျောဖွယ်မရှိနိုင်သေးပါ။

မည်သို့ဆိုစေ အသစ်ချမှတ်ခဲ့သော အမေရိကန်-မြန်မာ ဆက်ဆံရေးမူဝါဒများအရ မြန်မာနိုင်ငံတွင် ဖိနှိပ်အုပ်ချုပ်နေသော စစ်အစိုးရအတွက် ၎င်းကို အပြင်းထန်ဆုံး ဝေဖန်နေသူနှင့် ချဉ်းကပ်ဆက်ဆံရန် ပို၍အခွင့်အလမ်းရလာစေမည် ဖြစ်သည်။
သို့သော် တိုက်ရိုက်ချဉ်းကပ် ဆက်ဆံသည့်နည်းမှနေ၍ မည်သည့် အပြုသဘောရလဒ် ထွက်ပေါ်လာမည်ဆိုသည်မှာ မသေချာလှသေးပါ။

ဝါရှင်တန်က ချမှတ်လာသည့် မြန်မာပြည်ဆိုင်ရာ မူဝါဒအသစ်အပေါ် ပြည်တွင်း ပြည်ပရှိ မြန်မာ အတိုက်အခံ အင်အားစု များက သတိဖြင့်ကြိုဆိုခဲ့ကြသည်မှာလည်း စိတ်ဝင်စားဖွယ် အချက်ပင် ဖြစ်သည်။

ဤမူဝါဒသစ်က ပြောရမည်ဆိုလျှင် ပါးနပ်လိမ္မာသည့် မူဝါဒတခုဟု ဆိုနိုင်ပါသည်။ ဗိုလ်ချုပ်သန်းရွှေနှင့် ၎င်း၏အစိုးရက မြောက်ကိုရီးယားခေါင်းဆောင်များကဲ့သို့ မပါးနပ်စေကာမူ သူတို့လည်း တနည်းတဖုံ လှည့်ဖျားနိုင်ကြသူများဖြစ်သည်။ တခါတရံတွင် ကျွမ်းကျင်ပါးနပ်စွာဖြင့် နိုင်ငံတကာအသိုင်းအ၀န်းနှင့် ပြည်တွင်းအင်အားစုကို လှည့်ဖျားနိုင်ခဲ့ကြသူများ ဖြစ်ပါသည်။  

ဝါရှင်တန်အစိုးရက မြန်မာစစ်အစိုးရ၏ လှည့်ဖျားလိမ်ညာတတ်သည့် သဘောသဘာဝကို ကောင်းစွာ သိရှိကြပါသည်။ မြန်မာ စစ်အစိုးရအနေနှင့် တိကျသေချာသည့် အပြောင်းအလဲများ မလုပ်ဆောင်မချင်း အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိမ့်မည် မဟုတ်ကြောင်း လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကင်းဘဲလ် (Kurt Campbell) က အသေအချာ ရှင်းလင်းပြောကြားထားပြီး ဖြစ်သည်။

မစ္စတာကင်းဘဲလ်က အထက်လွှတ်တော် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဆပ်ကော်မီတီသို့ ပြောကြားရာ၌ အမေရိကန် ပြည်ထောင်စုအနေနှင့် လက်ရှိ ဒဏ်ခတ်အရေးယူမှုများကို မြန်မာနိုင်ငံတွင် သိသာထင်ရှားသည့် တိုးတက်မှုများ မဖြစ်ပေါ် လာမချင်း ဆက်လက်ထိန်းသိမ်းထားမည်၊ နိုင်ငံတကာ မိသားစုနှင့် ပူးပေါင်း၍ ပိတ်ဆို့အရေးယူမှုများ ပိုမိုထိရောက်စေရန် ဆောင်ရွက်သွားမည်ဟု ဆိုခဲ့ပါသည်။  

ဆိုလိုသည်မှာ ဗိုလ်ချုပ်သန်းရွှေအနေနှင့် များမကြာမီကာလတွင် ဒဏ်ခတ်ပိတ်ဆို့မှုများ ရုပ်သိမ်းသွားသည်ကို မြင်ရခြိမ့် မည် မဟုတ်ပါ။ စစ်အစိုးရအနေနှင့် အမေရိကန်ပြည်ထောင်စုက တန်ဖိုးထားသည့် လူ့အခွင့်အရေးနှင့် ဒီမို ကရေစီစံနှုန်း များကို လက်ခံလိုက်နာမှု မရှိသမျှ၊ အပြောင်းအလဲများ ပြုလုပ်ရန် ငြင်းဆန်တင်းခံနေသမျှ လာမည့်နှစ်များအတွင်း အမေရိကန် ပြည်ထောင်စု၏ မူဝါဒအသစ်မှ အဓိပ္ပာယ်ပြည့်ဝသည့် နောက်တဆင့် သို့ တက်လှမ်းနိုင်ရန် အကြောင်းမရှိပါ။

မည်သို့ပင် ဖြစ်စေ မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆောင်ရွက်လာသည့် အမေရိကန်ပြည်ထောင်စု၏ ခြေလှမ်းများက ဘေဂျင်း တွင် အရေးပေါ်ခေါင်းလောင်း မည်လာစေလိမ့်မည် ဖြစ်သည်။ ယခင် အတိတ်ကာလများကဲ့သို့ပင် မြန်မာစစ်အစိုးရ ခေါင်းဆောင်များအတွက်လည်း အင်အားကြီးနိုင်ငံများ တခုနှင့်တခုအကြား လှည့်ပတ်ကစားရန် ပို၍ အခြေအနေပေးနေ ပါသည်။

အောင်ဇော်ရေးသားသည့် Playing With Super Powers ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။
Comments (3)Add Comment
0
စောဖေက နောကျေနေပြီ
written by Zinyaw, November 06, 2009
အင်း..
နအဖနဲ့ အနှစ် ၂၀ နေလာတာ သိပါ့ဗျာ။
ထောက်ခံရင် အမြတ်၊ မထောက်ခံရင် အရှုံးမရှိဘူး လို့ပြောမှာပေါ့ဗျာ.
စောဖေကတော့ နောကျေနေပြီဗျို့။
နောက်ထပ် အနှစ် ၂၀ ကြိုက်ကြိုက် မကြိုက်ကြိုက် နေကြဦးပေါ့။
0
US-SPDC relatiionship
written by Aung OO, November 04, 2009
I don't think US Senior Officials cannot change Myanmar's politics. As the generals are very jealous cunny and clever how to play politics of chess, I don't believe that there will be positive trends of political climate. The generals are so selfish that they will not consider the good benefits of Myanmar people.
0
လက်တွေ့နိုင်ငံရေး
written by မျိုးချစ်, November 04, 2009
ဝမ်းနည်း ကြေကွယ်ဖွယ်ရာကတော့ မပြီးပြတ် နိုင်သေးတဲ့ စစ်အာဏာရှင် စနစ်နဲ့ ဒီမိုကရေစီစနစ် လွန်ဆွဲပွဲကြားမှာ မြန်မာနိုင်ငံသားများနဲ့ ဒေသခံတိုင်းရ င်းသားများ ဆင်းရဲမွဲတေလျှက်ပါ။

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

ဗမာတွေရဲ့ ကိုယ်တွင်း မကောင်းဆိုးဝါးများ

အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း

အပြည့်အစုံသို့

နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် လိုသည်

၁၉၈၈ ခုနှစ် ကျောင်းသားများ ဦးဆောင်သည့် ဒီမိုကရေစီ အရေးတော်ပုံကြီးကို အကြမ်းဖက် ဖြိုခွဲခဲ့သည့် ၂၁ နှစ်မြောက်နေ့ အကြိုတွင် မြန်မာစစ်အစိုးရက လူသားချင်းစာနာမှု အခြေခံဖြင့်

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

နိုဝင်ဘာ ၂၀၊ ၂၀၀၉
၁ ဒေါ်လာ = ၉၆၀ ကျပ်
၁ ဘတ် = ၂၈.၆၀ ကျပ်