“တနေ့ကို ၃ ထောင်လောက် အနည်းဆုံး ရနေတော့ ဒီအလုပ်ကို လက်မလွှတ်ရဲဘူး၊ လုပ်ချင်တဲ့သူတွေမှ တန်းစီနေတာပဲ” ဟု မတင်ခက ဦးခေါင်းကို ဘယ်တချက် ညာတချက်စောင်းကာ အညောင်းဖြေရင်း ပြောပြသည်။
နံနက်မှ ညအထိ လုပ်ကိုင်ရသဖြင့် အညောင်းမိလှကြောင်း၊ အကိုက်အခဲ ပျောက်ဆေး သောက်မှ သက်သက်သာသာနှင့် အိပ်နိုင်ကြောင်း သူက ဆက်ပြောပြသည်။
ရန်ကုန်ဈေးကွက်တွင် တပေကျော်သော ဆံပင်ရှည် တကျပ်သားလျှင် ၁၂၀၀ မှ ၁၅၀၀ကျပ်အထိ ရနိုင်သည်။ နှစ်ပေကျော်ပါက ဈေး ပိုရမည်ဟု ဆိုသည်။
ထိုဆံပင်များက တရုတ်နိုင်ငံရှိ ဆံပင်အတုလုပ်ငန်းသို့ ရောက်သွားမည်ဖြစ်သည်။ ကမ္ဘာအရပ်ရပ်သို့ ဆံပင်အတု ဖြန့်ချိနေသော တရုတ်နိုင်ငံက လိုအပ်သော ဆံပင်ကုန်ကြမ်းကို အိမ်နီးချင်း မြန်မာနိုင်ငံမှ တင်သွင်းနေရသည်။
အမြတ်အစွန်းများသော ဆံပင် အ၀ယ်ဒိုင် လုပ်ငန်းတွင် လုပ်ကိုင်သူ တနေ့တခြား များလာသည်။ ရန်ကုန်မြို့ပေါ်ရှိ တချို့သော ရပ်ကွက်များတွင် ဆံပင်အ၀ယ်ဒိုင်က တလမ်းလျှင် တခု ရှိနေသည်။
ဤလုပ်ငန်းသည် ၂၀၀၅ ခုနှစ်မှ စတင် ကျယ်ပြန့်လာသည်ဟု သိရသည်။ ယခုအခါ မြို့ပြတွင်သာမက နယ်သို့ ဆင်းကာ ဆံပင် ၀ယ်ယူ စုဆောင်းနေကြသည်။ ဆံပင်သား ကောင်းခြင်း၊ အရေအတွက် များများ ၀ယ်ယူနိုင်ခြင်းပေါ် မူတည်ပြီး ကော်မရှင်ကြေး၊ ဆုကြေး ရတတ်သောကြောင့် နယ်သို့ ဆင်းပြီး ဆံပင် ၀ယ်သူ များလာကြောင်း သာကေတမြို့နယ်မှ ဆံပင် အ၀ယ်ဒိုင် ကိုစိန်လှက ပြောသည်။
“မိုးရာသီကတော့ တနှစ်လုံးအတွက် အလုပ် အဖြစ်ဆုံး အချိန်ပေါ့၊ ၀ယ်လိုအားက အရမ်း များလာတော့၊ နယ်တွေ ဆင်းကြတယ်၊ ကျနော့်ဆီကို ဆံပင် သွင်းတဲ့သူတွေ ဆိုရင် ရခိုင်ပြည်အထိ သွားကောက်ကြရတယ်” ဟု သူက ပြောပြသည်။
ရခိုင်ဒေသတွင် နယ်စပ်ကုန်သွယ်ရေးစနစ်ဖြင့် ဆံပင် တင်သွင်းလျက်ရှိရာ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ အိန္ဒိယနိုင်ငံတို့မှ ဆံပင်များ ပါဝင်ကြောင်း သူက ပြောသည်။
မြန်မာပြည် ဈေးကွက်တွင် ဆံပင်ရှည် ရှားပါးလာခြင်းကြောင့် တောင်အာရှနိုင်ငံများမှ ဆံပင်များလည်း မြန်မာပြည်ကို ဖြတ်ပြီး ၀ယ်အားကောင်းသည့် တရုတ်နိုင်ငံသို့ သွားနေသည်။
မြန်မာ ဘင်္ဂလားဒေ့ရှ် နယ်စပ် ဆံပင် အ၀ယ်ဒိုင်များမှာ ၂၀၀၇ခုနှစ် ကတည်းက တွင်တွင် ကျယ်ကျယ် ဖွင့်လှစ် ၀ယ်ယူနေကြသည်။ ထိုဒေသသို့ မြန်မာ-တရုတ် နယ်စပ်မှ ကုန်သည်များပင် သွားရောက် လုပ်ကိုင် နေကြကြောင်း သိရသည်။
ဆံပင် ၀ယ်သူ ပိုများလာသကဲ့သို့၊ ဆံပင်ရောင်းသူများလည်း ပိုများလာသည်။ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် တောင်ပိုင်း၊ အမှတ် ၁၆ ရပ်ကွက်မှ အမျိုးသမီးတဦးက ဆံပင်ရှည် ဈေးကောင်း ပေးဝယ်သည့် အချိန်မှ စပြီး ၎င်းတို့ ရပ်ကွက်ထဲမှ အမျိုးသမီးများ ဆံပင် ဖြတ်ရောင်းကြကြောင်း ပြောပြသည်။
“ပိုက်ဆံလိုပြီ ဆိုရင် ကိုယ့်ဆံပင် ကိုယ် အရင် စမ်းကြည့်ကြတာ အကျင့်တောင် ဖြစ်နေပြီ၊ ရောင်းလို့ ရတဲ့ အရွယ် ရောက်ပြီ ဆိုရင် ဖြတ်ရောင်းကြတာပဲ၊ အိမ်က သမီးတွေရော ဆံပင်တွေ အတိုတွေနဲ့ချည်း ဖြစ်ကုန်ပြီ” ဟု ၁၆ ရပ်ကွက်မှ အိမ်ရှင်မ တဦးက ပြောပြသည်။
ဆံပင် အ၀ယ်ဒိုင်များ ရှိသဖြင့် ၀င်ငွေ နည်းသူများ အတွက် အဆင်ပြေကြောင်း၊ ဆန်ဝယ်ရန် ငွေအခက်အခဲ ရှိသဖြင့် မိသားစုဝင်တဦးဦး၏ ဆံပင်များကို ဖြတ်ပြီး ရောင်းခဲ့ဖူးကြောင်း၊ ထိုသို့ ဖြတ်ရောင်းပါက အနည်းဆုံး ဆန်နို့ဆီဘူး နှစ်လုံး သုံးလုံးစာခန့် ရရှိကြောင်း ပြောပြသည်။
ဆံပင်ကို ဖြတ်ရောင်းပြီး ရသည့် ငွေကို မုန့်ဟင်းခါးဆိုင် ဖွင့်ရန် ရင်းနှီး မြှုပ်နှံခဲ့သူလည်း ရှိသည်။
“ဖြတ်ရောင်းစတုန်းက ရှက်သလိုလိုတော့ဖြစ်ခဲ့တာပေါ့နော်၊ ကိုယ့်အသက်အရွယ်နဲ့ ဆံပင် တိုနေတာလေ၊ အဲ ဒါပေမယ့် နောက်ပိုင်း သူသူ ကိုယ်ကိုယ် ဆံပင် တိုလေးတွေနဲ့ ဆိုတော့ ခံသာတာပေါ့။ ပြီးတော့ ခုလို မုန့်ဟင်းခါး ဆိုင်လေး ဖွင့်လိုက်တော့လည်း သြော် - ငါ့ဆံပင်နဲ့ မိသားစုဝင်တွေ အတွက် အထောက်အကူ ရပါတယ်လေလို့ တွေးပြီး ဖြေရတာပဲ” ဟု ၃ ပေကျော်ကျော်ခန့်ရှိသော ဆံပင်ကို အရင်းပြုခဲ့သူ မုန့်ဟင်းခါးသည်တဦးက ပြောပြသည်။
ဆံပင်ကို တံတားဆောက်ရန် လှူဒါန်းလိုက်ရသောကြောင့် ပီတိ ဖြစ်ရသူများကိုလည်း အများအပြား တွေ့နိုင်သည်။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ယင်းမာပင်မြို့နယ် အတွင်းရှိ ၁၅ မိုင် အရှည်ရှိသော လည်ငေါက်-ချင်ပြစ်လမ်းကို တည်ဆောက်ရန် သံဃာများက အလှူခံခဲ့ရာ ငွေကြေးမတတ်နိုင်သူ အမျိုးသမီးများက ဆံပင်ကို ဖြတ်ပြီး လှူဒါန်းကြသည်။
ထိုလမ်း ဆောက်လုပ်ရေးအတွက် မန္တလေးတိုင်းအတွင်းမှ ဆံပင်ပိဿာချိန်ပေါင်း တထောင်ကျော် ရခဲ့သဖြင့် ထိုလမ်းပေါ်ရှိ တံတားများကို ရွှေဆံနွယ်တံတားများ ဟု ခေါ်ကြသည်။ ဆံပင်တပိဿာလျှင် ကျပ်နှစ်သိန်းအထိ ရနိုင်သဖြင့် ဆံပင်များက လမ်းပြုပြင်ရေး၊ တံတားဆောက်ရေးအတွက် သိန်းပေါင်းများစွာ ပမာဏာရှိသည့် အလှူငွေများ ဖြစ်လာသည်။
“ရွှေဆံနွယ်တံတားအဖွဲ့ကို လှူဒါန်းကြတာ လုံလောက်ပြီလို့ ယူဆလို့ရတဲ့အတွက် ဆေးရုံဆေးခန်းနဲ့ ဝေးတဲ့ ဆင်တဲရွာမှာ ရွှေဆံနွယ်ဓမ္မဓရ ကုသိုလ်ဖြစ်ဆေးရုံကို တည်ဆောက်ဖို့ ဆောင်ရွက်နေပါတယ်၊ အလှူလည်း ဆက်ခံနေပါတယ်” ဟု ရွှေဆံနွယ် အကျိုးဆောင် ဆရာတော်တပါးက မိန့်ကြားသည်။
ထိုသတင်းကြောင့် ဆံပင်လှူဒါန်းကြသူများလည်း ယနေ့အချိန်ထိ ရှိနေသည်။
ဆံပင် ဈေးကောင်းသဖြင့် ဆံပင်ဖြတ်ပြီး လုယူသူများလည်း ရန်ကုန်တွင် ရှိနေသည်။ ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ကျက်စားတတ်သည့် သူတို့၏ပစ်မှတ်က ဆံပင်ရှည်သော အထူးသဖြင့် ကျစ်ဆံမြီး ကျစ်ထားသော အမျိုးသမီးများ ဖြစ်နေသည်။
ရန်ကုန်မြို့မှ မရီရီဝင်းက သူ၏ အရှည် ၄ ပေကျော်ခန့်ရှိသော ဆံပင်တို့ကို ကျစ်ဆံမြီး နှစ်ဘက်ခွဲပြီး ကျစ်ထားရာ ယုဇနပလာဇာတွင် ဈေးဝယ်စဉ် ဘယ်ဘက်ကျစ်ဆံမြီး အဖြတ်ခံရကြောင်း ပြောပြသည်။
“ရဲတိုင်ရရင် ကောင်းမလားလို့ စဉ်းစားပါသေးတယ်၊ ဒါပေမယ့် ကိုယ့်ဆံပင်က ဆုံးရှုံးသွားပြီ ဆိုတော့ တိုင်ရင်လည်း အလုပ်ရှုပ်တာပဲ အဖတ်တင်မယ် ဆိုပြီး မတိုင်ဖြစ်တာပါ” ဟု မရီရီဝင်းက ဆိုသည်။
မရီရီဝင်းနည်းတူ ဆံပင်ဖြတ်ခံရသူ အမျိုးသမီးများကလည်း ရဲစခန်းတွင် တိုင်ချက်ဖွင့်လေ့ မရှိကြောင်း သိရသည်။
ဤအခြေအနေကြောင့် အနာဂတ်တွင် မြန်မာမိန်းကလေးများကို ဆံပင်ရှည်ရှည်နှင့် တွေ့ရရန် ခက်ခဲသွားနိုင်ကြောင်း တက္ကသိုလ် ဆရာတဦးက သုံးသပ်သည်။
“ဟိုးတုန်းကတော့ မိန်းမတို့ဘုန်း ဆံထုံး ဆိုပြီး ဆံပင်နဲ့ ပတ်သက်ပြီး တန်ဖိုးထားကြတယ်၊ အခုတော့ ရှိတဲ့ ဆံပင်ကိုပဲ ဖြတ်ပြီး အရင်းအနှီး လုပ်လာကြတယ်၊ ရောင်းဖို့ ဆံပင် နည်းနည်းရှည်အောင် စောင့်ထားတဲ့ သူတွေကိုလည်း တွေ့လာရတယ် ဆိုတော့ ဆံပင်ရှည်ရှည် မိန်းကလေးတွေကို တွေ့ရပါဦးမလား မသိတော့ဘူး ” ဟု မြန်မာစာ ကထိက ဦးကျော်ဝင်းက ပြောဆိုသည်။
written by tharsoe, November 01, 2009
MNL လို့ခေါ်တဲ့ ဘာမဟုတ်တဲ့ ဘောလုံးပွဲတွေမှာ သုံးတဲ့ ပိုက်ဆံတွေကို ဒီနေရာမှာ သုံးလိုက်ပါလား။ လမ်းဆောက် တံတား ဆောက်တဲ့ ဆီမှာ မသုံးချင်ဘူး ဆိုရင် အဲဒီလမ်းတွေပေါ်မှာ ကောက်နေတဲ့ ဘီးခွန်တွေ မြို့ဖြတ်ခတွေ ကို တလတန်သည် ၂ လတန်သည် အခွန်က င်းလွတ်ခွင့် ပေးလိုက်ပါလား။ စစ်အဆိုးရကြီးx အသုံးမကျဘူး ဆိုတာ အဲဒါကိုပြောတာ။ အဲဒီလိုပြောလို့ ဘောလုံးပွဲ မကြိုက်ဘူးလို့ မထင်လိုက်ပါနဲ့ ဥရောပ ဘောလုံးပွဲ အတော်များများကို အပတ်တိုင်း မလွတ်တိုင်း ကြည့်နေတဲ့သူပါ။
အသုံးမကျတဲ့ စစ်အဆိုးရကြီး အမြန်ဆုံး ကျဆုံးပါစေ
သားဆိုး
အသုံးမကျတဲ့ စစ်အဆိုးရကြီး အမြန်ဆုံး ကျဆုံးပါစေ
သားဆိုး
written by bigcat, November 01, 2009
I support the golden hair campaign sponsored by monks. When the regime fails and the opposition and the third parties are unable to bring change, the only force remaining is the religious group. So far, the campaign led by monks is moving in the right direction.
written by Aungzaya, October 31, 2009
I agree with the Pro. Kyaw WIn comment.
Myanmar has very long tradition regarding LONG HAIR. Our tradition of 5 good things in woman clearly stated that LONGHAIR is one of woman beauty.
Well, our Myanmar Tradition will be GONE VERY SOON!!!!!!!!
Myanmar has very long tradition regarding LONG HAIR. Our tradition of 5 good things in woman clearly stated that LONGHAIR is one of woman beauty.
Well, our Myanmar Tradition will be GONE VERY SOON!!!!!!!!
written by putu, October 31, 2009
I feel so sad to know abt that .
How come our country is so stupid like that .?
How we can go on for our country ?
How come our country is so stupid like that .?
How we can go on for our country ?
written by ဒီမွန်း, October 31, 2009
လမ်း တံတား ဆောက်တာ ဘုန်းကြီးတွေရဲ့ အလုပ်လားကွယ်။ ပိတုန်းရောင် ကေသာတွေကို အလှူခံနေမယ့် အစား တပ်ချုပ်ကြီး သမီးဆီက စိန်တစ်လုံး လောက်ရအောင် အလှူခံနိုင်ရင် ကိစ္စြ ပီးပါတယ်။ ခုတော့ ကုသိုလ် စိတ်ထားပြီးနေရင် စိတ်သက်သာရာ ရပေမယ့် မြန် ပျိုမေတို့ရဲ့ ဆံကေသာလေးတောင် န.အ.ဖရဲ့စနစ် ဆိုးကြောင့် မလှပနိုင်ရှာတော့ဘူးလို့ တွေးမိရင် စိတ် မသက်မသာ ဖြစ်လှပါတယ်။ ဗိုလ်ချုပ်တွေရဲ့ ခေတ်ရောက်မှဘဲ ကိုရွှေဗမာတွေရဲ့ ခန္ဓာကိုယ်မှာ ရှိသမျှ အရာတွေဟာလည်း ထမင်းတလုပ် အတွက် လိုတရ အဆောင်လေးတွေ ဖြစ်နေရပါပေါ့လား။ ကျော်လို့၊ ကြားလို့မှ မကောင်းပါဘူး ....... ကိုရွှေတို့ရေ။
written by MHM, October 30, 2009
လှူတန်းတာ ကုသိုလ်ယူတာကိုတော့ မကန့်ကွက်ချင်ပါဘူး။ ဒါပေမယ့် ဆံပင် ဖြတ်ရောင်းပြီး လမ်းဖောက်ရ တံတားဆောက်ရတယ် ဆိုတာကတော့ သဘာဝ မကျပါဘူး။ ဒီကိစ္စမှာ ဆံပင် အရောင်းအ၀ယ် သမားတွေရဲ့ ထွင်လုံး ဆင်လုံးတွေ နောက်ကွယ်က ပါနေမယ်လို့ ယူဆပါတယ်။ စကားလုံး လှလှတပ် အလှူကို ဗန်းပြပြီး ဆံပင် များများကို ဈေးနည်းနည်းနဲ့ ရအောင် လုပ်တဲ့ ဖန်စားကွက် တခုလို့ပဲ မြင်မိတယ်။ ဘုန်းကြီးတွေက ကြားကနေ ၀င်ရောက် အကျိုးဆောင်ပေးတယ် ဆိုတာလည်း မဖြစ်သင့်ဘူး။ ဘာကြောင့်လဲ ဆိုတော့ ၀ိနည်းအရ ရဟန်းဟာ ဆံပင်ကို အလှူခံခွင့် မရှိပါဘူး။ ၀ိနည်းဓိုရ်တဲ့ ဆရာတော်ကြီးတွေဟာ ဖြန့်ခင်းထားတဲ့ ဆံပင်ကိုတောင် မနင်းပါဘူး။ နအဖက တိုင်းပြည်မှာ တည်ဆောက် ပြုပြင် လုပ်နေတယ် ဆိုတာကကော ဘာကို ပြောတာလဲ။
written byွှသူရိန်, October 30, 2009
ကျွတ် ...
ဒို့နိုင်ငံလည်းကွာ အဲလောက်တောင် ဖြစ်နေပြီ.. မြန်မာစာ ကထိကကြီး ပြောသလိုပဲ ဆံပင်တွေ နှမြောလိုက်တာ ကျွန်တော့ တစ်ကိုယ်ထဲ အတွက် ပြောရရင်လည်း မိန်းကလေးဆို ဆံပင်ရှည်မှပဲ မြန်မာ ဆန်တယ် မြင်တယ်။ ဒီဆံပင်တွေ ဖြတ်ပြီး တံတားဆောက် နေမဲ့အစား ဦးတေဇတို့ ဦးသန်းရွှေတို့ကို သူ့တို့စီးပွားရဲ့ အပုံ တစ်ရာပုံ တစ်ပုံပဲ လှူခိုင်းလိုက်ပါ နှစ်စင်း သုံးစင်း ဆောက်လို့ရမှာ. .. ၀မ်းနည်းတယ်..
ဒို့နိုင်ငံလည်းကွာ အဲလောက်တောင် ဖြစ်နေပြီ.. မြန်မာစာ ကထိကကြီး ပြောသလိုပဲ ဆံပင်တွေ နှမြောလိုက်တာ ကျွန်တော့ တစ်ကိုယ်ထဲ အတွက် ပြောရရင်လည်း မိန်းကလေးဆို ဆံပင်ရှည်မှပဲ မြန်မာ ဆန်တယ် မြင်တယ်။ ဒီဆံပင်တွေ ဖြတ်ပြီး တံတားဆောက် နေမဲ့အစား ဦးတေဇတို့ ဦးသန်းရွှေတို့ကို သူ့တို့စီးပွားရဲ့ အပုံ တစ်ရာပုံ တစ်ပုံပဲ လှူခိုင်းလိုက်ပါ နှစ်စင်း သုံးစင်း ဆောက်လို့ရမှာ. .. ၀မ်းနည်းတယ်..
Write comment
| < Prev | Next > |
|---|













ပြည်သူတွေက ကိုယ်ထူ ကိုယ်ထ ရှိစုမဲ့စုနဲ့ တံတားတွေ ဆောက်၊ လမ်းတွေဖေါက်၊ လမ်းတွေပြင်
ပြီးလဲ သွားရော မသမာသူ စစ်အစိုးရက သူတို့ လုပ်ငန်းတွေပါလို့
ဂုဏ်ယူပါလေရော။