ထိပ်သီးတဲ့ ညီလာခံ

E-mail Print

ဖိုးရှုပ်ကော ကြွက်စုတ်ပါ အာဆီယံ ထိပ်သီးညီလာခံသို့ သွားနေကြသောကြောင့် ဦးရုက္ခစိုး တပါးတည်း ပျင်းနေလေသည်။


ရုက္ခစိုး။     ။ အင်း … ဒီနှစ်ကောင်ရှိပြန်တော့လည်း မျက်စိနောက်၊ နားညည်း။ မရှိပြန်တော့လည်း ပျင်းလိုက်တာ … ငါပါ လိုက်သွားဦးမှထင်တယ် …။

ထိုသို့တွေးလိုက်သည်နှင့် တပြိုင်နက် နတ်စစ်စစ် ရေမရောသော ဦးရုက္ခစိုးသည် အာဆီယံထိပ်သီး ညီလာခံ ကျင်းပရာ ချာ့အမ်းသို့ အပို့အခံ တီးလုံးများပင် တီးစရာမလိုဘဲ “ဝုန်း” ခနဲ အူကြောင်ကြောင်ဖြင့် ရောက်ရှိသွား လေတော့သည်။

သူရောက်သွားချိန်တွင် ဖိုးရှုပ်က နေ့ဘက်သတင်း၊ ညဘက် ကလပ် ကိစ္စများဖြင့် မအားရအောင် ဖြစ်နေပြီး ကြွက်စုတ်ကတော့ အထဲနှင့်အပြင် နှစ်ခြမ်းကွဲနေသော စီဗယ်လိုက်ဇေးရှင်းခေါ် လူထုအခြေပြု လူမှု အဖွဲ့အစည်း များ၏ ရန်ပွဲများကြား၌ ညပ်နေလေသည်။ ကြွက်စုတ်သည် ပြည်ပအခြေစိုက် စီဗယ်လိုက်ဇေးရှင်းလိုလို အန်ဂျီအို လိုလို လုပ်ပေါင်းများခဲ့သမျှ ယခုပွဲတွင်လည်း သူမပါမပြီးဆိုသည့် ရုပ်ဖြင့် အတည်ပေါက် တံတွေးသီးမတတ် ပြောဆို နေလေရာ ဦးရုက္ခစိုးကို လုံးဝ သတိမမူမိဘဲ ဖြစ်နေလေသည်။

 

နတ်တို့၏ တန်ခိုးဖြင့် ဟိုဟိုသည်သည် လျှောက်သွားမိသော ဦးရုက္ခစိုးမှာ အာဆီယံ ဝန်ကြီးများ စည်းဝေးနေရာ ခန်းမကြီးထဲသို့ ရောက်သွားလေသည်။ ခန်းမကြီးက ပျင်းစရာကောင်းလောက်အောင် ချောက်ကပ်နေသည်။ ဝန်ကြီးတချို့ အိပ်ငိုက်နေသည်။ ဗီယက်နမ်နိုင်ငံမှ ဝန်ကြီးက လောနိုင်ငံ ဝန်ကြီးကို လက်တို့၍ အတင်း ပြောနေသည်။

ဗီယက်နမ်။     ။ ပျင်းစရာ ကောင်းလိုက်တဲ့ ထိပ်သီးစည်းဝေးဗျာ။ တခါလာလည်း ဒါ၊ တခါလာလည်းဒါ … ပြီးတော့ ဘာမှလည်း ထူးတာမဟုတ်ဘူး။ တယောက်ယောက် ထိပ်မှာ သီးသွားအောင် လုပ်ရင် ကောင်းမလား မသိဘူး ဒါဆို ပွဲဆူပြီး နည်းနည်း ပျော်စရာကောင်းမယ်။

လော။     ။ ခင်ဗျားကလည်း အိနြေ္ဒလေးဘာလေး နည်းနည်းပါးပါး ဆောင်ပါဦး။ ကျွေးတာတွေတော့ စားလို့ ကောင်းသားပဲဗျ။

ဗီယက်နမ်။     ။ ကောင်းလို့ ခက်နေတာပေါ့ … အခု အိပ်ငိုက်နေပြီ ဘယ်လိုလုပ်မလဲ။ တကယ်ဆို အကျွေး အမွေးတင်မကဘူး အငြိမ့်လေးဘာလေးပါ ထည့်သင့်တယ် … ခုတော့ ရယ်စရာလည်း မကောင်းဘူး။ ဝှားလားလားလား …။

ထိုစဉ် မြန်မာပြည် အလှည့်ကျရောက်လာရာ ဝန်ကြီးချုပ် ချိုကုပ်ကြီး စိတ်ပိန် နေရာမှ ထလိုက်သည်။

စိတ်ပိန်။     ။ ပွဲကတော့ တော်တော်လေး ပျင်းစရာကောင်းနေပြီ။ ကျနော်ပွဲထိန်းမှနဲ့တူတယ် ဟဲဟဲ။

ဖိလစ်ပိုင်ဝန်ကြီး။     ။ လုပ်မနေပါနဲ့ဗျာ။ ခင်ဗျားလည်း တခါလာ ၂၀၁၀ ရွေးကောက်ပွဲလုပ်မယ်၊ လမ်းပျောက် မြေပုံ ခုနစ်ဆင့်အကြောင့် ရှင်းမယ် … ဒါပဲမဟုတ်လား၊ အလွတ်တောင်ရနေပြီ။ ခင်ဗျား ပြောနေတုန်း အိပ်လို့တောင် ရတယ်။

စိတ်ပိန်။     ။ ဟား … ဒီတခါ အသစ်ပြောမှာပါဗျာ … ။ ကျနော်တို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဥပဒေကြီးကို မကြာခင်မှာ ထုတ်ပြန်ကြေညာပါတော့မယ် ခင်ဗျား။ “ဖြောင်းဖြောင်းဖြောင်းဖြောင်း”

စိတ်ပိန်က သူ့ဘာသာသူအော်ပြီး သူ့ဘာသာသူ လက်ခုပ်တီးလိုက်သည်။ ဘယ်သူမှ လက်ခုပ်လိုက်မတီး သောကြောင့် သူ နည်းနည်းကြောင်သွားကာ သွားကလေး ဖြီးလိုက်သည်။ ဆက်လက်၍ …

စိတ်ပိန်။     ။ အဟဲ … ဒါလည်း မရဘူးလား … ဒါဆိုရင်တော့ … ကျနော်အခု ဆက်ပြောမယ့် အကြောင်း အရာက … ဒေါ် စစစစစစစစစစစစ စု …။

အစည်းအဝေးခန်း တခုလုံး ငိုက်မြည်းနေရာမှ ရုတ်တရက် အသက်ဝင်သွားသည်။ အားလုံး ခေါင်းမှာ ထောင်ကာ နားစွင့်လိုက် ကြသည်။

ဖိလစ်ပိုင်ဝန်ကြီး။     ။ ပြောပါတော့ဗျို့ … အမြန်ပြောပါဗျို့။

စိတ်ပိန်။     ။ ပြောပါမယ်ဗျာ … နေပါဦး … ရေလေးဘာလေး သောက်ပါရစေဦး။

“စိတ်ဝင်စားပါတယ် ဆိုမှ ဟန်ရေးက ပြနေပြန်ပြီ” ဟု လော ဝန်ကြီးက တိုးတိုးလေး ပြောလိုက်သည်ကို ဦးရုက္ခစိုး ကြားဖြစ်အောင် ကြားလိုက်သေးသည်။

စိတ်ပိန်။     ။ အားလုံး စိတ်ဝင်စားတဲ့ ကိစ္စ ပြောပါတော့မယ် ခင်ဗျား … ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးကောင်း လွှတ်ပေးဖို့ စီစဉ်နေတယ် ဆိုတဲ့အကြောင်း သတင်းကောင်း ပါးအပ်ပါတယ်ခင်ဗျား …။

အစည်းအဝေးခမ်းမကြီး တခုလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။ အားလုံးက ချိုကုပ်ကြီး စိတ်ပိန်ကို လေးစားသည့် ပုံစံဖြင့်ကြည့်ကာ အချင်းချင်း လက်တို့ ဆွေးနွေးကြသည်။ ခေါင်းတညိတ်ညိတ် လုပ်သူက လုပ်သည်။ စိတ်ပိန် ကတော့ “ငါကွ” ဆိုသည့် စတိုင်ဖြင့် ရင်ကိုကော့ထားသည်။

လော။     ။ ဒါနဲ့ ဒီစကားမျိုး ကြားဖူးသလိုပဲဗျ။ ဘယ်တော့လွှတ်မယ် ဆိုတာလေးပါ အတိအကျ ပြောနိုင်ရင် အဆွေတော်အနေနဲ့ ပို နာမည်ကြီးသွားမယ် ထင်တယ်။

စိတ်ပိန်။     ။ ဘယ်တော့ ဆိုတာကတော့ ဒီလို ရှိပါတယ်။ ချိုကုပ်ဒူးကြီးက သနားဂရုဏာတော် ထောက်ထားတဲ့ အနေနဲ့ ထောင်ဒဏ် ၃ နှစ်ကနေ … နေအိမ် အကျယ်ချုပ် ၁၈ လအထိ ကောင်းကောင်းနေခဲ့ရင် လျှော့ပေးမယ်လို့ ကတိပေးထားပါတယ် … ကောင်းကောင်းနေရင် အဲဒီ ၁၈ လကနေ (လက်များကို တစ်၊ နှစ်၊ သုံး၊ လေး ရေတွက်ရင်း) ၁၇ လနဲ့ ၂၉ ရက်အထိ လျှော့ပေါ့နိုင်ပါတယ်။

ဖိလစ်ပိုင်။     ။ ဒါနဲ့ ကောင်းကောင်း ဆိုတာ ဘယ်လိုဟာကို ပြောတာလဲ ခင်ဗျ။

စိတ်ပိန်။     ။ ဒီလို ရှိပါတယ်ခင်ဗျ။ ကောင်းကောင်း ဆိုတာကတော့ သူနဲ့သိပ်မဆိုင်လှပါဘူး။ သူဘာသာသူ ဘယ်လောက်ပဲ ကောင်းကောင်းနေနေ ဘေးပရောဂတွေကြောင့်လည်း အဲဒီ ကောင်းကောင်းက ပျက်သွား နိုင်ပါတယ်။

ထိုင်း။     ။ နည်းနည်းလေး ဒီထက် ရှင်းအောင် လင်းပါဦး အဆွေတော်။

ခမ်းမတခုလုံး စိတ်ပိန်ကို စိတ်ဝင်စားနေကြပြီ။ ဘယ်သူမှလည်း အိပ်မငိုက်တော့ဘဲ အားလုံး ပါးစပ်တပြင်ပြင် ဖြစ်နေကြသည်။

ဦးရုက္ခစိုး။     ။ (စိတ်ထဲမှနေ၍) သြော် … မြန်မာညာသမျှ အကုန်ခံရတာပါလားနော်။  

စိတ်ပိန်။     ။ ဟုတ်ကဲ့ပါ။ ဒီလိုပါ … ကောင်းကောင်းဆိုတာနဲ့ ပတ်သက်လို့ နေအိမ်အကျယ်ချုပ် အတွင်း ဘယ်လိုနေရမယ်ဆိုတဲ့ စာလည်းထုတ်ထားပါတယ်။ အဲဒီ အချက်တွေကို ရှင်းရှင်းလင်းလင်း မရေးထားဘဲ … အဓိပ္ပာယ်တွေ ရှုပ်ထွေးနေအောင် နာမည်ကြီး ရှေ့နေတွေနဲ့ သေချာ တိုင်ပင်ရေးထားတာပါ။ အဲဒီအထဲက တချက်ချက်နဲ့ ညိစွန်းမယ်ဆိုရင်တော့ ၁၈ လ ဆိုတာနဲ့ ဝေးပြီး ၃ နှစ်ပြန်ဖြစ်သွားမှာပါ။

အာဆီယံဝန်ကြီးများအားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။ စိတ်ပိန်က ဆက်ပြောသည်။

စိတ်ပိန်။     ။ အဲဒီလို ရှုပ်ထွေးအောင် လုပ်ထားတဲ့ ကြားထဲကမှ ဘယ်လိုမှ မညိစွန်းဘဲ ကောင်းကောင်း နေနိုင်ခဲ့မယ်ဆိုရင်တော့ …။

“လွှတ်ပေးမှာလား အဆွေတော်” ဟူ၍ စင်ကာပူဝန်ကြီးက အမောတကော ဝင်မေးသည်။

စိတ်ပိန်။     ။ တမျိုးထပ်ကြံစည်မှာ ဖြစ်ပါတယ်။

ထိုင်း။     ။ ထင်သားပဲ ဒီလောက်လွယ်လွယ်လွှတ်မှတော့ နအဖ လို့ ဘယ်ခေါ်လို့ဖြစ်မလဲ။

လော။     ။ ကြာတယ်ဗျာ … ဘယ်လိုဆိုလွှတ်မလဲ မြန်မြန်ပြောဦး။

စိတ်ပိန်။     ။ လွှတ်ကောင်းလွှတ်မယ်လို့ ပြောတာလေ လွှတ်မယ်လို့ တလုံးမှ မပြောသေးဘူး။

“ကဲပါ အဆွေတော်ရယ် … ဘာဆက်လုပ်မယ်ဆိုတာသာ ပြောလိုက်ပါ” ဟု ထိုင်းဝန်ကြီးက ဝင်ပြောလိုက်ရာ စိတ်ပိန်က ဆောင့်ကြီအောင့်ကြီးဖြင့် “ဘာဆက်လုပ်ရမှာလဲ … ကြက်တောလို နောက်တယောက် ထပ်ငှားပြီး ရတဲ့အပေါက်က အိမ်ထဲ ဝင်ခိုင်းမှာပေါ့ဗျ” ဟု ပြောကာ ပြန်ထိုင်လိုက်သည်။

ခန်းမကြီးတခုလုံး “ဝေါ” ခနဲဆူညံသွားသည်။ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကာ “ဒေါ်အောင်ဆန်းစုကြည်” ဆိုသော အသံများ ခန်းမထဲတွင် လျှံနေသည်။ ထိုအသံများကြောင့် ထောင့်တနေရာတွင် နှစ်နှစ်ချိုက်ချိုက် ဟောက်သံများပင်ထွက်ရင်း အိပ်ပျော်နေသည့် ကမ္ဘောဒီးယား ဝန်ကြီး စွန်တန် လန့်နိုးလာကာ ကမူးရှူးထိုး ဝင်ပြောလိုက်သည်။

စွန်တန်။     ။ ခင်ဗျားတို့ကလည်းဗျာ … တခါလာ ဒေါ်အောင်ဆန်းစုကြည်၊ တခါလာ ဒေါ်အောင်ဆန်းစုကြည်နဲ့ … အပြောင်းအလဲလေး ဖြစ်သွားအောင် သက်ဆင်ကြီး အကြောင်းလဲ ပြောကြပါဦး။ သူနဲ့ ဒေါ်အောင်ဆန်းစုကြည် တူတူပဲဟာ။

စွန်တန့် စကားကြောင့် ခမ်းမတခုလုံး ငြိမ်သွားတာ တအံ့တသြ ဖြစ်သွားကြပြီး သူ့ဆီအာရုံရောက်သွားကြသည်။

စွန်တန်။    ။ ဟုတ်တယ်မဟုတ်လား၊ တူတူပဲလေ။ တယောက်က မြန်မာနိုင်ငံရဲ့ တရားခံ … နောက် တယောက်က ထိုင်းနိုင်ငံရဲ့ တရားခံ။ သနားစရာ ကောင်းတာက သက်ဆင်ခမျာ ဒေါ်လာတွေ ရင်မှာပိုက်ပြီး ထွက်ပြေးနေရရှာတာ၊ ဒေါ်စုလိုတောင် အေးအေးချမ်းချမ်း အိမ်ထဲမှာ မနေရရှာဘူး …။

ထိုစဉ် ခမ်းမ နောက်ဆုံးနေရာသို့ ဘယ်အချိန်က ရောက်နေမှန်းမသိသော မြန်မာကျောင်းသားတယောက်က လက်ထဲပါလာသော လောက်လေးခွဖြင့် စွန်တန့်နဖူးကိုတည့်တည့်ချိန်ကာ ပစ်လိုက်လေတော့သည် “ဝှီး” “ဒုတ်”

နောက်ဆက်တွဲ သတင်းအနေဖြင့် ထိုကျောင်းသား လောက်လေးခွဖြင့် ပစ်လိုက်သည်ကို စွန်တန်က မသိသော် လည်း သူ့လက်ထဲက ပြုတ်ကျသွားသော ဘောပင်ကို ကုန်း၍ကောက်စဉ် စွန်တန့်နောက်၌ ထိုင်နေသော မြန်မာဝန်ကြီးချုပ် ချိုကုပ်ကြီး စိတ်ပိန်၏ ပြောင်နေသည့် နဖူးတည့်တည့်ကို “ဒုတ်” ခနဲ ထိမှန်သွား၍ ဘုသီးထွက်သွားလေသည် ဟူ၏။

ဤတွင် အာဆီယံ ထိပ်သီးစည်းဝေးပွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားလေတော့သတည်း။       ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။

Comments (5)Add Comment
0
Should hit both Suntan and thein sein
written by Guest, October 29, 2009
Sun tan should not band to get somethings. Anyway I really like this article.
0
ဂျင်ကလိမှိန်းဂိန်
written by မက္ခရာဓား, October 29, 2009
ထိုစဉ် ဝန်ချီးထုပ်မှိန်းဂိန်၏ အိပ်ကပ်ထဲမှ ဆဲလ်ဖုန်း အသံမြည် လာသဖြင့် ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့ .... အဖေကြီး အမိန့်ရှိပါ ခင်ဗျာ"
"မှိန်းဂိန် ရာ...ငါပြောသားဘဲ၊ ဂျင်ကလိ ယူသွား လို့၊ အတန်တန်သတိပေး ရဲ့သား နဲ့ကွာ ..."
"ဟုတ်ကဲ့ ခင်ဗျာ၊ အဖေကြီးတို့ လည်း ဒီတခေါက် ပြည်ပဒေဿစာရီကြွ ယင်၊ အဲဒိ ဂျင်ကလိ မမေ့ နဲ့နော်"
0
VERY GOOD
written by REALITY, October 29, 2009
WHAT AN EXCELLENT WORK OF WRITING!!!!!!
0
No slim short is needed in Burma. Rather GUN SHOTs.
written by Ko Sant Tint, October 28, 2009
I am sure of it that ASEAN has learned the speeches of Thein Sein by heart. At the end of your article you said a slim shot hit Thein Sein's forehead. I wish the whole lot of SPDC should hit by gun shots rather than slim shots on their heads so that we people will be remain in peace forever.
0
အရမ်း ကောင်းတယ်ဗျို့
written by သွေးသစ်, October 28, 2009
အရမ်းရီရတယ်ဗျာ.. ............

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

ဗမာတွေရဲ့ ကိုယ်တွင်း မကောင်းဆိုးဝါးများ

အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း

အပြည့်အစုံသို့

နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် လိုသည်

၁၉၈၈ ခုနှစ် ကျောင်းသားများ ဦးဆောင်သည့် ဒီမိုကရေစီ အရေးတော်ပုံကြီးကို အကြမ်းဖက် ဖြိုခွဲခဲ့သည့် ၂၁ နှစ်မြောက်နေ့ အကြိုတွင် မြန်မာစစ်အစိုးရက လူသားချင်းစာနာမှု အခြေခံဖြင့်

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

နိုဝင်ဘာ ၂၀၊ ၂၀၀၉
၁ ဒေါ်လာ = ၉၆၀ ကျပ်
၁ ဘတ် = ၂၈.၆၀ ကျပ်