NLD ၏ ၁၉၉ဝ ရွေးကောက်ပွဲ သင်ခန်းစာများ

E-mail Print

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် ၁၉၈၈ ခုနှစ် ဩဂုတ်လ ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး အတွင်းမှ ပေါက်ဖွားလာသည်။ မူလဖွဲ့စည်းစဉ်က ရည်ရွယ်ချက်မှာ အာဏာသိမ်းမှုကြောင့် ကစင့်ကလျား ဖြစ်သွားကြသော

အင်အားစုများကို ပြန်လည် စုစည်း၍ ဒီမိုကရေစီ လှုပ်ရှားမှု၏ အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းရေး ဖြစ်သည်။

စစ်တပ်က ၁၉၈၈ ခုနှစ် ဩဂုတ်လ ၁၈ ရက် နေ့တွင် နိုင်ငံတော် ငြိမ်ဝပ် ပိပြားမှု တည်ဆောက်ရေး အဖွဲ့ (နဝတ)ကို ဖွဲ့စည်းပြီး ရက်အနည်းငယ် အကြာ၌ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြဌာန်းခဲ့သည်။ NLD က စက်တင်ဘာလ ၂၇ ရက်နေ့တွင် ပေါ်ပေါက်လာသည်။

ဖွဲ့စည်းစ NLD တွင် အစုအဖွဲ့ သုံးဖွဲ့ ပါဝင်သည်။ ဗိုလ်မှူးချုပ်အောင်ကြီး ဦးဆောင်သော နိုင်ငံရေးသမား ဟောင်းကြီးများ နှင့် သံတမန်ဟောင်းများ ပါဝင်သော အစုအဖွဲ့၊ ဦးတင်ဦး ခေါင်းဆောင်သော မျိုးချစ် ရဲဘော်ဟောင်းများ အဖွဲ့ နှင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော တတ်သိပညာရှင်များအဖွဲ့တို့ ဖြစ်သည်။  

NLD ၏ ဗဟို အလုပ်အမှုဆောင်အဖွဲ့တွင် အဖွဲ့ဝင် ၁၂ ဦး ပါဝင်သည်။ အစုအဖွဲ့ တခုစီမှ ၄ ဦးစီ ပါဝင်ပြီး ဦးအောင်ကြီးက ဥက္ကဋ္ဌ၊ ဦးတင်ဦးက ဒုဥက္ကဋ္ဌ၊ ဒေါ်အောင်ဆန်းစုကြည်က အထွေထွေအတွင်းရေးမှူး ဖြစ်သည်။  

NLD၏ ဖွဲ့စည်းပုံစည်းမျဉ်းတွင် ဖော်ပြထားသော ရည်ရွယ်ချက်မှာ အများပြည်သူတို့၏ ဆန္ဒနှင့် ကိုက်ညီ၍ အခြေခံ လူ့အခွင့်အရေးများကို အာမခံမည့် စစ်မှန်သော ဒီမိုကရေစီ အစိုးရ ပေါ်ပေါက်လာစေရေး ဖြစ်သည်။ ရွေးကောက်ပွဲဝင်ရန် ဖော်ပြထားခြင်း မရှိပါ။

သို့သော် အဖွဲ့ချုပ်သည် အများပြည်သူတို့၏ ဆန္ဒနှင့် ကိုက်ညီသော စစ်မှန်သော ဒီမိုကရေစီ အစိုးရ အကောင်အထည် ဖော်နိုင်ရန်အတွက် လွတ်လပ်၍ တရားမျှတသော အထွေထွေ ရွေးကောက်ပွဲ ကျင်းပနိုင်စေမည့် အခြေအနေများ ဖန်တီးပေးရန် လုပ်ငန်းစဉ် ချမှတ်ခဲ့သည်။   

အစုအဖွဲ့ သုံးခုအကြားရှိ ညီညွတ်ရေးမှာ ကြာရှည်မခံခဲ့ပါ။ ဦးအောင်ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ အစုအဖွဲ့မှ ခေါင်းဆောင် ၈ ဦးကို ကွန်မြူနစ် သို့မဟုတ် ကွန်မြူနစ်လိုလားသူများဟု စွပ်စွဲခဲ့သည်။ ထိုအရေးကို ဆွေးနွေးရန် ဗဟိုကော်မတီ အစည်းအဝေးကို နိုဝင်ဘာလတွင် ခေါ်ယူခဲ့သည်။ ဦးအောင်ကြီး အစုအဖွဲ့က ရှုံးနိမ့်သွားသည်။ ကြိုတင်သဘောတူညီချက် အရ ဦးကြည်မောင်မှ လွဲ၍ ဦးအောင်ကြီး အစုအဖွဲ့ဝင် အားလုံးကို အဖွဲ့ချုပ်မှ ထုတ်ပယ်ခဲ့သည်။   

ထိုအချိန်မှစတင်၍ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော လှုပ်ရှားမှုများတွင် NLD အဖွဲ့ဝင်များစွာ အဖမ်းခံခဲ့ရသည်။ ၁၉၈၉ ခုနှစ် ဇူလိုင်လ ၂ဝ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အဓိကကျသော ခေါင်းဆောင်များ အဖမ်းခံရပြီးသည့်နောက် NLD သည် တက်ကြွသော ခေါင်းဆောင်မှု မရှိရုံသာမက စစ်ထောက်လှမ်းရေးတို့၏ အချိန်ပြည့် စောင့်ကြည့်မှုများကြောင့် လှုပ်ရှားမှု ကင်းမဲ့သွားသည်။  

၁၉၈၉ ခုနှစ် နှောင်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည် အစုအဖွဲ့က တောင်းဆိုသဖြင့် ထိန်းသိမ်းခံနေရသော ခေါင်းဆောင်များ နေရာတွင် အစားထိုး၍ ခေါင်းဆောင်မှုအသစ် ပြန်လည် ဖွဲ့စည်းခဲ့သည်။ အစုအဖွဲ့နှစ်ခု အကြား အာဏာ ထိန်းညှိမှု လွန်ဆွဲပွဲများ ပေါ်ပေါက်ခဲ့သည်။  

န-ဝ-တ က ၁၉၈၉ ခုနှစ် မေလ (၃၁) ရက်နေ့တွင် ပြည်သူ့ လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို ပြဌာန်းခဲ့သည်။ ထိုဥပဒေအရ NLD သည် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရေး ကိစ္စကို ဆုံးဖြတ်ရန် လိုအပ်လာသည်။ ထိုအချိန်၌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်  ခေါင်းဆောင် အများအပြား အဖမ်းခံနေရပြီး ကျန်ခေါင်းဆောင်များလည်း စောင့်ကြည့်ခံနေရသည်။

NLD က ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် သင့်မသင့် အပြင်းအထန် ဆွေးနွေးမှုများ ပေါ်ပေါက်လာသည်။ တချို့က ဒေါ်အောင်ဆန်းစုကြည် အပါအဝင်  ခေါင်းဆောင် အများအပြား ထိန်းသိမ်း ခံနေရပြီး ရွေးကောက်ပွဲ အတွက် လွတ်လပ်ပြီး တရားမျှတသော ပတ်ဝန်းကျင်တရပ် မရှိသည့် အချိန် ဖြစ်သောကြောင့် ရွေးကောက်ပွဲဝင်ရန် မသင့်သေးဟု ယူဆကြသည်။ တချို့က ရွေးကောက်ပွဲသာလျှင် ပြည်သူ လူထုနှင့် ပြန်လည် ထိတွေ့နိုင်သည့် တခုတည်းသော အခွင့်အလမ်း ဖြစ်သည်ဟု ယူဆကြသည်။ နောက်ဆုံး ၁၉၈၉၊ စက်တင်ဘာလ ၂၅ ရက်နေ့က ကျင်းပသော ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးတွင် NLD က ရွေးကောက်ပွဲ ဝင်မည်  ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။      

အများပြည်သူ ဖတ်ရှုရန် ထုတ်ဝေသော NLD မှတ်တမ်းလွှာတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဆုံးဖြတ်ချက် ပါဝင်ပြီးချိန်မှ စ၍  ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် သင့်မသင့် ဆွေးနွေး ငြင်းခုန်မှုများ ရပ်ဆိုင်းသွားသည်။ ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ထုတ်ပြန်သော ဒေါ်အောင်ဆန်းစုကြည်၏စာတွင် “အထိမ်းသိမ်းခံနေရလျက်နှင့်ပင် မိမိ အဖွဲ့ချုပ်၏ ဒီမိုကရေစီ နည်းလမ်းအရ ဆုံးဖြတ်ချက်ကို လေးစားသောအားဖြင့်၎င်း၊ တိုင်းသူပြည်သားတို့၏ အမှန်တရားနှင့် ကိုက်ညီသော လိုအပ်ချက်များကို တတ်စွမ်းသရွေ့ ကူညီ ဖြည့်စွက်လိုသောကြောင့်၎င်း၊ ဒီမိုကရေစီကို လိုလားသော ပြည်သူလူထုကြီး၏ ဇွဲသတ္တိကို ဂုဏ်ပြုသောအားဖြင့်၎င်း ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်လောင်း စီစစ် ရွေးချယ်ရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကို လိုက်နာ၍၊ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်လိုသူတဦး အဖြစ်၊ အမည်စာရင်း တင်သွင်းလိုက်ပါသည်” ဟု ဖော်ပြထားသည်။

နိုဝင်ဘာလတွင် စစ်အစိုးရ၏ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်က ၁၉၉ဝ၊ မေလ၂၇ ရက်နေ့တွင် ရွေးကောက်ပွဲ ကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။  

NLD အတွက် ပထမဆုံး အခက်အခဲမှာ၊ ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး ဖြစ်သည်။ NLD ဌာနချုပ်က မဲဆန္ဒနယ် ၂ နယ် ရှိသော မြို့နယ်များ အနေဖြင့် မဲဆန္ဒနယ် တနယ်ကို ဗဟို သို့မဟုတ် ပြည်နယ်/တိုင်းများတွင် တာဝန်ယူနေကြသော ခေါင်းဆောင်များအတွက် ဖယ်ထားပေးရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့သည်။ ဗဟို ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး ကော်မတီက ထိုခေါင်းဆောင်များကို ချန်လှပ်ထားသော မဲဆန္ဒနယ်များတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် နေရာချပေးသည်။ သို့သော် မဲဆန္ဒနယ် ၂ နယ် ရှိသော တချို့မြို့နယ်များတွင် ဗဟိုက သတ်မှတ်၊ ချထားပေးသော  ကိုယ်စားလှယ်လောင်းများကို မကြိုက်ကြဘဲ မိမိမြို့နယ်မှ ကိုယ်စားလှယ်လောင်းကိုသာ ရွေးချယ်လိုကြသောကြောင့် ပြဿနာ အများအပြား ပေါ်ပေါက်ခဲ့သည်။  

ဒုတိယ အခက်အခဲမှာ ဘဏ္ဍာရေးဖြစ်သည်။ NLDက ဘဏ္ဍာရှာဖွေရေးအတွက် နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့ရသည်။  ဘဏ္ဍာငွေရရှိရန် ပိုစတာများ၊ ပို့စကတ်များ၊ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံ ပါသော အမှတ်တရ ပစ္စည်းများ၊ ကက်ဆက်တိပ်ခွေများ ရောင်းချခဲ့သည်။ မြို့နယ်တချို့တွင် ရန်ပုံငွေရှာဖွေရေး ဈေးရောင်းပွဲများ ပြုလုပ်ပြီး မုန့်ဟင်းခါး၊ လက်ဖက်ရည်၊ ကော်ဖီ နှင့် ရိုးရာမုန့်များ ရောင်းချ၍ ရန်ပုံငွေ ရှာဖွေခဲ့ရသည်။   

၁၉၉ဝ ဖေဖော်ဝါရီလတွင် နအဖက နိုင်ငံရေးပါတီများကို စာရွက်စာတမ်းများ၊ လက်ကမ်းစာစောင်များ၊ စာအုပ်ငယ်များ ဖြန့်ဝေခြင်း၊ ဟောပြောစည်းရုံးခြင်း၊ ရေဒီယို နှင့် ရုပ်မြင်သံကြားတွင် စကားပြောခွင့်ပေးခြင်း စသည့် နည်းလမ်းသုံးမျိုးဖြင့် မဲဆွယ်စည်းရုံးခွင့် ပေးခဲ့သည်။ မဲဆွယ်စည်းရုံးဟောပြောရာတွင် အသုံးပြုသော စာစောင်များ၊ ရေးသားချက်များကို အာဏာပိုင်တို့ထံ ကြိုတင် တင်ပြပြီး ခွင့်ပြုချက် ယူကြရသည်။  

၁၉၉ဝ မေလ ၂၇ ရက်နေ့တွင် မဲပေးခွင့်ရှိသူ သန်း ၂ဝ အနက် ၁၅ သန်းကျော် မဲပေးခဲ့ကြသည်။ မှတ်ပုံတင် ထားသည့်ပါတီ ၂၃၆ ပါတီ ရှိရာ ရွေးကောက်ပွဲတွင် ၉၃ ပါတီ ဝင်ရောက်ယှဉ် ပြိုင်ကြသည်။ ၂၇ ပါတီက အနည်းဆုံး တနေရာစီ အနိုင်ရကြသည်။ ထို၂၇ ပါတီအနက် ၁၉ ပါတီမှာ တိုင်းရင်းသားပါတီများ ဖြစ်ကြသည်။  

NLD က ၄၄၇ နေရာ ဝင်ရောက်ယှဉ်ပြိုင်ရာ ၃၉၂ နေရာတွင် အနိုင်ရသည်။ NLD၏ အဓိက ပြိုင်ဘက် ဖြစ်သော တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီက ၁ဝ နေရာသာ အနိုင်ရသည်။ ဦးအောင်ကြီး ခေါင်းဆောင်သော ပြည်ထောင်စု တိုင်းရင်းသားများ ဒီမိုကရေစီပါတီက တနေရာ အနိုင်ရသည်။ ဝန်ကြီးချုပ်ဟောင်း ဦးနု ခေါင်းဆောင်သော ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့က မဲဆန္ဒနယ် ၃ဝ၉ နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်သော်လည်း၊ တနေရာမှ အနိုင်မခဲ့ပေ။

သို့သော်လည်း ရွေးကောက်ပွဲ၏ ရလဒ်မှာ ယနေ့အထိ အကောင်အထည် ပေါ်ခဲ့ခြင်း မရှိပါ။  

ယခုတကြိမ် ရွေးကောက်ပွဲတွင် NLD ဝင်ရောက်ယှဉ်ပြိုင်ပြီး အများစုထပ်မံ အနိုင်ရလျှင် အာဏာပိုင်တို့က ရွေးကောက်ပွဲ၏ ရလဒ်ကို အကောင်အထည်ဖော်၊ အသိအမှတ်ပြုမည် မပြုမည်မှာ ပဟေဠိတခု ဖြစ်နေသည်။ ဤအခြေအနေတွင် NLD သည်လည်း အကျဉ်းအကျပ်ထဲတွင် ရောက်နေသည်။

ယခင်ဆောင်းပါးများ ...
Comments (6)Add Comment
0
ဟုတ်သဗျာ
written byိခိုင်ကျော်မောင်, November 01, 2009
ဟုတ်သဗျာ။
0
သတိထားပါ မောင်သတိရေ
written by seinki, October 30, 2009
မောင်သတိရေ
သတိလေး ထားပါအုံး
NLD က ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့မှာပေါ့ အဲဒီတုန်းက နိုင်ငံရေးအခြေ အနေနဲ့အခု အခြေအနေနဲ့မှ မတူတာ၊ နဝတ ဥက္ကဌကြီး၊ ကာကွယ်ရေး ဦးစီးချုပ်ကြီး ကိုယ်တိုင်က ရွေးကောက်ပွဲ နိင်တဲ့သူတွေ အခြေခံဥပဒေ ဆွဲကြ၊စစ်တပ်က ဝင်မပါဘူးလို့ ကတိတွေ အထပ်ထပ် ပေးခဲ့တာကိုးဗျ။
ဒီကြားထဲမှာ စစ်ဗိုလ်ကြီးတွေ ဘယ်လောက် ကတိတည်ကြည်တယ် ဆိုတာ တိုင်းပြည်ကိုရော ကမ္ဘာကိုရော သက်သေပြခဲ့ပြီ၊
အခုလဲ NLD ကရွှေဂုံတိုင် ကျေညာချက် ထုတ်ပြန်ပြီးပြီပဲ၊ ရွေးကောက်ပွဲ နိုင်တဲ့ သူတွေ ဆွဲထားတာ မဟုတ်တဲ့ အခြေခံ ဥပဒေကြို ပင်ဆင်သင့်တယ်၊ တွေ့ဆုံေ ဆွးနွေးရအောင်ေ စာင့်နေတယ်ဆိုတာမမေ့နဲ့အုံးလေ။
အခြေခံဥပဒေကြီး ကတနိုင်ငံလုံး ဝိုင်းထောက်ခံ ထားကြတာ NLD ပြင်ခိုင်းရုံနဲ့ မပြင်နိုင်ဘူးလို့ စောဒကတက်မယ် ဆိုရင်တော့လဲ NLD ကို ရွေးကောက်ပွဲ ဝင်ဖို့ တိုက်တွန်းစရာ
လိုမယ်မ ထင်ဘူး၊ ဒါပေမဲ့ ဒီ နာဂစ် အခြေခံ ဥပဒေကြီး ဘယ်လို အတည်ပြုခဲ့ တယ်ဆိုတာ ရေးလို့ရမဲ့ တစ်ချိန်မှာ ရေးဖို့လူတွေက စောင့်နေကြတယ် ဆိုတာ သတိထားပါ၊ မောင်သတိရေ.
0
အားလုံးသတိ
written by သတိ, October 29, 2009
၉၀ တုန်းက ရွေးကောက်ပွဲ ၀င်မယ် ဆိုတဲ့ အန်အယ်ဒီ ဆုံးဖြတ်ချက်ကြီး မှန်ကန်ခဲ့တယ်လို့ ကျွန်တော်တော့ မြင်ပါတယ်.. အနိုင်ရလဒ် အကောင်အထည် မဖော်နိုင် ခဲ့ပေမဲ့ မ၀င်ခဲ့ဘူး ဆိုရင် ခုအန်အယ်ဒီဟာ ပြည်သူ့ ကိုယ်စားပြု ပါတီပါလို့ ဟစ်ကြွေးနိုင်မှာ မဟုတ်ဘူး.. အစိုးရကလဲ ပါတီကို ပိုပီး လွယ်လွယ် ချိုးနှိမ်နိုင်မယ်.. ကမ္ဘာ့ နိုင်ငံတွေရဲ့ အသိမှတ် ပြုမှုကိုလဲ ခုလောက် ရမှာလဲ မဟုတ်ပါဘူး.. ဒီတော့ အန်အယ်ဒီရဲ့ ၉၀ ရွေးကောက်ပွဲ ၀င်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ပါတီအတွက် လုံးဝ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခု ဖြစ်ခဲ့တယ်လို့ မောင်သတိတော့ မြင်ပါတယ်ဗျ..
0
အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အဓိက
written by seinki, October 27, 2009
၂၀၀ဂ ခုနှစ် နာဂစ် အခြေခံဥပဒေကြီး ဟာ တကယ်တော့ စစ်တပ်ကို ပြည်သူ့ ဝန်ထမ်း အဖွဲ့အစည်း အဖြစ်ကနေ ပြည်သူကို အုပ်ချုပ်တဲ့ အဖွဲ့ အဖြစ် တရားဝင် အသက် သွင်းပေးတဲ့ ဥပဒေကြီးပါ၊
ဗိုလ်ချုပ်အောင်ဆန်း မျှော်မှန်းခဲ့တဲ့ စစ်တပ် ဟာ တိုင်းပြည်ရဲ့ အစေခံဖြစ်ရမယ်၊ လက်နက်နဲ့ အနိုင်ကျင့် တဲ့ အဖွဲ့ မဖြစ်စေရဘူး ဆိုတဲ့ မျှော်မှန်းချက်ဟာလဲ ဗိုလ်နေဝင်းလက်ထက်ကစလို့ ရေစု န်မျောလာလိုက်တာ ဗိုလ်သန်းရွှေရဲ့ လက်ထက်မှာ တိုင်းပြည် အစေခံ ဘဝကနေ ဒီအခြေခံ ဥပဒေအရ တိုင်းပြည် အာဏာရှင် တရားဝင်ဖြစ်လို့် လာပါပြီ၊ ဒီ နာဂစ်ဖွဲ့စည်းပုံ အရ ဖြစ်လာမယ့် ပြည်ထောင်စုနဲ့ ပြည်နယ် တိုင်း ဒေသကြီး လွှတ်တော်တွေ ထဲမှာ အခြေခံ ဥပဒေအရကို ၂၅% တပ်မတော်သား ကိုယ်စားလှယ် ပါမယ်၊ ဒါ့အပြင် ရွေးကောက် ပွဲနိုင်ခဲ့ရင် တစညလို ဘောင်းဘီချွတ် အမတ်တွေ ပါမယ်၊ ကြံ့ဖွတ်နဲ့ တတိယလိုင်းလို့ ကိုယ့်ကိုကိုယ် နာမည် တပ်ထားတဲ့ အမတ်တွေ လဲ ပါနိုင်တယ်၊ ဘာနဲ့ တူလဲ ဆိုတော့ လက်နက် အားကိုးနဲ့ ရွာကို ဝင်စီးထားတဲ့ သောင်းကျန်းသူကို တရားဝင် ရွာသူကြီးအဖြစ်တင်မြှောက့်ရမဲ့ ဇတ်လမ်းနဲ့ တူတယ်၊ အာဏာဟာ လူကို ဖျက်ပါတယ်၊ စစ်တပ် အာဏာ လက်ဝယ် ကြာလာရင် အလွဲသုံးစားလုပ်လာမှာပဲ။စစ်တပ်နဲ့အပေါင်းအပါတွေကြီးစိုးတဲ့ လွှတ်တော်ဟာ တရားဝင် လက်ထဲ အာဏာ ရှိလာတာနဲ့ အမျှ အတိုက်အခံ လုပ်တဲ့ အမတ်တွေကို နည်း အမျိုးမျိုး နဲ့ ဖိနှိပ်တော့မှာ မလွဲပါ၊ နောင်ဆိုရင် ဥပမာ ဒုတိယ၊ တတိယ လွှတ်တော် သက်တမ်းလောက် ကျရင် စစ်တပ် တမတ်သားလွှတ်တော်ကြီးဟာ ၂၀၁၈ လောက်မှာ မဆလ လွှတ်တော်ကြီးလို rubber stamp လွှတ်တော် လိုမျိုး မဖြစ်သွားဖူးလို့ မပြောနိုင်ဘူး၊ ပြောချင်တာက အခု နအဖရဲ့ နာဂစ် ဖွဲ့စည်းပုံကို လက်ခံပြီး ၂၀၁၀ ရွေးကောက်ပွဲ အရ ဖြစ်လာမယ့် လွှတ်တော်ကြီးဟာ (အခြေခံ ဥပဒေကို အခု ကတည်းက မပြင်ခဲ့ရင်) တဖြည်းဖြည်းနဲ့ မဆလခေတ်က တစ်ပါတီ လွှတ်တော်သာသာဘဲ ဖြစ်လာနိုင်ပါတယ်၊
ဒါဖြင့်ရင် ၈၈ အရေးတော်ပုံကြီးမှာ လူတွေ အသက်ပေါင်း များစွာ ပေးပြီး ၊ ၈၈ ခေါင်းဆောင် အများစု ထောင် အကျခံပြီး၊ သူတို့ရဲ့ အနာဂါတ်ကို အစတေးခံပြီး၊ ပြည်သူတွေမှာ မီးမလာ၊ ရေမလာ ဒုက္ခတွေကို ခါးစည်းခံပြီး၊ တိုင်းပြည် ပြောင်းလဲအောင် လုပ်ခဲ့ တာတွေဟာ နှစ်ပေါင်း ၂၀လောက် စောင့်ပြီး မှာဒုံယင် ဒုံယင်း ဒီရလဒ် လောက်နဲ့ပဲ ကျေနပ်ကြတော့မှာလား?
အင်္ဂလိပ် ပေးတဲ့ ၉၁ဌာန အုပ်ချုပ်ရေး တို့၊ ဒိုင်အာခီတို့ သာ လက်ခံပြီး လုံးဝ လွတ်လပ်ရေး မတောင်းဆိုခဲ့ရင် မြန်မာပြည် အခုထိ အင်္ဂလိပ် အောက်က လွတ်ချင်မှ လွတ်မှာ မဟုတ်ဘူး။

ဒါကြောင့် အစကတည်းက စစ်တပ်ကို တရားဝင် အာဏာ အပ်မဲ့ ဇတ်လမ်းကို ဆန့်ကျင်ကြပါ၊ ဒီဇတ်လမ်းမှာ ပါဝင် ကပြ ပံ့ပိုး ကူညီတဲ့ သူတွေဟာ တစ်ချိန်မှာ သမိုင်းတရားခံ ဖြစ်ဖို့ ရှိတယ်၊ တွေ့ဆုံ ဆွေးနွေးပွဲ လုပ်ပြီး အခြေခံ ဥပဒေ မပြင်မချင်း၊ လွတ်လပ်မျှတပြီး အားလုံး ပါဝင်နိုင်မဲ့ ရွေးကောက်ပွဲ မဖြစ်မချင်း ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ လိုပါတယ်၊
0
2010
written by U pyin nya wa ra, October 27, 2009
၂၀၁၀ ရွေးကောက်ပွဲကို အာဏာပိုင်တွေက အသိအမှတ်ပြုရေး။ မပြု ရေးမှာ သူတို့  လိုချင်သော ၂၀၀၈ ဆန္ဒခံယူပွဲ တုန်းက ၉၀ ရာခိုင်နှုန်းးကျော် လူထုက ထောက်ခံ အတည်ပြုပါသည် ဆိုတဲ့ ဖွဲ့ စည်းပုံ အတိုင်း လုပ်ဖြစ်ခဲ့လျှင် ဘယ်ပါတီဘဲ အနိုင်ရရ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေရ ဖြစ်ပေါ်လာမည့် ပါလီမာန် အမတ်မင်းသည် ရုပ်သေးရုပ် အမတ်များသာ ဖြစ်မည် ဖြစ်ပါသောကြောင့် အာဏာပိုင်တွေက မုချ အသိအမှတ် ပြုမည်မှာ ယုံမှား သံသယမရှိပါ။
ဦးပညာဝရ။
ဒါဝင်။
0
WE DON'T NEED NEW ELECTION IN 2010
written by Moe Thway, October 27, 2009
We don't need new election in 2010, because NLD already won the election in 1990 and everyone knew that around the world, actually Junta did not realise the election result of the NLD, Junta is cunning and unfaithful and completely broken their promise that they will go back to their Barracks after the election finished, actually they didn't go back to their barracks.

They are the world's shameless persons and group. They must realise the 1990 election result impressively and faithfully. They don't need to do the new election in 2010.
NLD will never be involve in the new election in 2010 if Junta doesn't make any dialouge and doesn't change in the 2008 constitution. There are no crisis in NLD and would be strong FOREVER FOR OUR PEOPLE until we achieve Democracy and Human Rights in Burma.

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

ဗမာတွေရဲ့ ကိုယ်တွင်း မကောင်းဆိုးဝါးများ

အမေ့ဗိုက်က ထွက်လာကတည်းက ကျုပ်တို့ ဗမာတွေဟာ မုသာဝါဒကို ရှောင်ကြဉ်ဖို့ သွန်သင် ဆုံးမတာ ခံခဲ့ရပါ တယ်။ အသက်လေး နည်းနည်းရလာပြီး ဘုရားကျောင်း ကန်ဆောက်၊ သံဃာများနဲ့ ထိတွေ့ ဆက်ဆံတဲ့ အခါကျ တော့လည်း

အပြည့်အစုံသို့

နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရန် လိုသည်

၁၉၈၈ ခုနှစ် ကျောင်းသားများ ဦးဆောင်သည့် ဒီမိုကရေစီ အရေးတော်ပုံကြီးကို အကြမ်းဖက် ဖြိုခွဲခဲ့သည့် ၂၁ နှစ်မြောက်နေ့ အကြိုတွင် မြန်မာစစ်အစိုးရက လူသားချင်းစာနာမှု အခြေခံဖြင့်

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

နိုဝင်ဘာ ၂၀၊ ၂၀၀၉
၁ ဒေါ်လာ = ၉၆၀ ကျပ်
၁ ဘတ် = ၂၈.၆၀ ကျပ်