ရုက္ခစိုး။ ။ ဟေ့ကောင်ဖိုးရှုပ် … နည်းနည်းတောင် နောက်ကျနေပြီ၊ မြန်မြန်လျှောက်ကွ။ ငါက ဒီပွဲမှာ သဘာပတိ ဝင်လုပ်ပေးရမှာ။
ဖိုးရှုပ်။ ။ အမှတ်ပေး ဒိုင်မဟုတ်ဘူးလား။
ရုက္ခစိုး။ ။ ဟာ … ငါ့ကို အမှတ်ပေးဒိုင် ခန့်ရင် ဘက်လိုက်မှာစိုးလို့တဲ့ကွ။ ဒီပွဲမှာ ဒိုင်က ပြန်ကြားရေးဝန်ကြီး ဆော်ကြမ်းနဲ့ စာပေခုတ်လှီးရေး ညွှန်ချုပ် ဓား ကိုတင့် ၂ ယောက်ပဲလုပ်မှာ။
ဖိုးရှုပ်။ ။ မသိလို့မေးပါရစေ ဦးရုက္ခစိုးရာ၊ ကျနော်လည်း ဂျာနယ်လစ်ပဲဟာ ဝင်ပြိုင်လို့မရဘူးလား။
ရုက္ခစိုး။ ။ ဟာ … ရာရာစစ ဒါမင်းလို အညတြ ဂျာနယ်လစ်တွေနဲ့ ဆိုင်တဲ့ ပြိုင်ပွဲမဟုတ်ဘူးကွ။ မင်း အယ်ချုပ် ကိုဂေါ်ကြီးတောင် ဝင်ပြိုင်လို့မရဘူး။ ပြည်တွင်းက ဂျာနယ်လစ် စစ်စစ်၊ အယ်ချုပ်စစ်စစ်၊ စီအီးအို စစ်စစ် ကြီးတွေ ချည်းပဲ အတွက် လုပ်တဲ့ ပြိုင်ပွဲ။

ဦးရုက္ခစိုးစကားကြောင့် ဖိုးရှုပ်ခေါင်းကို တဗျင်းဗျင်းမြည်အောင် ကုတ်လိုက်သည်။ စကားတပြောပြောနှင့် သူတို့ နှစ်ယောက် ပြိုင်ပွဲ ကျင်းပမည့် ဈေးသည်ကြီးများ ဟိုတယ်ရှေ့ကို ရောက်လာပြီဖြစ်သည်။ သူတို့ရှေ့မှ ဖြတ်ကာ အရပ်ထောင်ထောင်မောင်းမောင်း၊ လူဆိုးဂိုဏ်းခေါင်းဆောင်မျက်နှာပေးနှင့် လူတဦး ပြေးဝင်သွားသည်။ ထိုသူ၏ လက်ထဲတွင်တော့ နိုင်ငံခြားဖြစ် အရက်၊ မုန့်ပုံး အစရှိသည့် ပစ္စည်းမျိုးစုံထည့်ထားသော ခြင်းတောင်း နှစ်တောင်း ကို မနိုင်မနင်းကိုင်ထားသည်။ သူ့နောက်က လူနှစ်ဦးလက်ထဲတွင်လည်း ထိုခြင်းတောင်းများပါ သွားသည်။
ရုက္ခစိုး။ ။ ဖိုးရှုပ် … သေချာကြည့်ထား။ အဲဒါ တွမ်တီတူး မီဒီယာရဲ့ အယ်ချုပ်လေ။ ပြိုင်ပွဲဝင်ဖို့လာတာ။
ထိုအယ်ချုပ်နောက်မှ ဝင်သွားသူများမှာ ဝန်ကြီးဆော်ကြမ်းနှင့် စာပေခုတ်လှီးရေးညွှန်ချုပ်ကြီး ဖြစ်သည်။
သူတို့ ဟိုတယ်ထဲရောက်တော့ တွမ်တီတူး အယ်ချုပ်က ၅၀၀၀ တန်အသစ်များကို ဆော်ကြမ်းနှင့် ဓားကိုတင့်တို့ လာရာ လမ်းတလျှောက် ဖြန့်ခင်းကာ ခပ်တည်တည်နှင့် လျှောက်သွားပြီး သူထိုင်ရမည့် နေရာတွင် ဝင်ထိုင်သည်။
ဆော်ကြမ်းနှင့် ဓားကိုတင့်တို့က ပြုံးပြုံး ပြုံးပြုံးနှင့် ၅၀၀၀ တန်များကို ကောက်ရင်း နောက်က လိုက်သွားသည်။ ထိုစဉ် ခပ်ပုပု မည်းမည်း လူတဦးက ဦးရုက္ခစိုးနှင့် ဖိုးရှုပ်ကို အတင်းတိုးတိုက်ကာ ဝင်သွားပြီး ဧည့်သည်တော် အဖြစ် ရှေ့ဆုံးတန်းမှာ ထိုင်နေသည့် ချိုကုပ်ဒူးကြီးရှေ့မှာ သွားကလေးဖြီးကာ သွားရပ်သည်။
ဖိုးရှုပ်။ ။ ဟာဗျာ ဒီလူ အတင်းတိုးတိုက်သွားတာ … အထဲကို မရောက်တော့မယ့်အတိုင်းပဲ၊ ဘယ်သူလဲ ဦးရုက္ခစိုး။
ရုက္ခစိုး။ ။ မင်းကလည်း ဂျာနယ်လစ်လုပ်နေပြီး ဒါတောင် မသိဘူးလားကွ၊ အဲဒါ အသံတိတ်ဂျာနယ်ရဲ့ အယ်ချုပ်ကြီးလေ။
ဖိုးရှုပ်။ ။ ဟုတ်လား၊ သူကျတော့ တမျိုးပါလား၊ ချိုကုပ်ဒူးကြီးရှေ့မှာ သွားလေးဖြီးလို့။
ရုက္ခစိုး။ ။ ဒါကတော့ သူ့ဂျာနယ်ရဲ့ အယ်ဒီတိုရီရယ် လိုင်းလေကွာ။ ဟော ဘေးဖယ် ဘေးဖယ် လာကုန်ကြပြီ။
ပြိုင်ပွဲဝင်ရန်အတွက် ပြည်တွင်း ဂျာနယ်အသီးသီးမှ အယ်ချုပ်စီအီးအိုကြီးများ တန်းစီ ဝင်ရောက်လာကြသည်။ နောက်ဆုံးမှ ဝင်လာသူက မြန်မာ့အမှောင်သတင်းစာ အယ်ချုပ်ဖြစ်သည်။ ပြိုင်ပွဲ စရန် … သဘာပတိ ဦးရုက္ခစိုးက ကြေညာလိုက်ရာ ဂျာနယ်အယ်ချုပ်အသီးသီး ၎င်းတို့အစွမ်းများကို စင်ပေါ်တက် သရုပ်ပြကြသည်။
ရုက္ခစိုး။ ။ ပထမဆုံးယှဉ်ပြိုင်ရန် အလှည့်ကျသူကတော့ အသံတိတ်အယ်ချုပ်ကြီး ဦးအသံတိတ် ဖြစ်ပါတယ် ခင်ဗျား။
ဦးအသံတိတ်။ ။ (စင်ပေါ်ကို ကွတကွတနှင့်တက်လာ၍ မိုက်ကရိုဖုန်းကိုကိုင်ကာ) နိုင်ငံတော်ကလုပ်သမျှ ကြိုဆိုပါတယ်၊ ချိုကုပ်ဒူးကြီးကို ထောက်ခံပါတယ်၊ ၂၀၁၀ ကို မျှော်လင့်ပါတယ်၊ အမေရိကန်ကို ရိုသေ လေးစား ချစ်ခင်ပါတယ်။ ချိုကုပ်ကြီးများရဲ့ ချစ်ခင်အားကိုး ယုံကြည်မှုကိုလည်း မျှော်လင့်နေပါတယ်။ ဝီ အာ အီး မြက် …။
နောက်ဆုံးက “ဝီ အာ အီး မြက်” ကို အသံကုန် အော်လိုက်သောကြောင့် ပရိသတ်အားလုံး နားပိတ်ထားလိုက် ရသည်။ သူ့ကို မော်ဒယ်လေးတယောက်က လာ၍ လက်တွဲခေါ်ဆောင်သွားကာ စင်ထောင့်မှ ဧရာမ ကြက်ခြင်းကြီး တခုနှင့် အုပ်ထားလိုက်သည်။
ဖိုးရှုပ်။ ။ မြက်ဖြစ်ရတဲ့အထဲ အီးမြက်တဲ့ … တော်တော်နံမှာပဲ။
နောက်ထပ် ပြည်တွင်းအခြေစိုက် ပုဂ္ဂလိက သတင်းစာကြီးများအသီးသီး တက်ရောက်ယှဉ်ပြိုင်ကြသည်။ “ငွေရရှိရေး တို့အရေး” “ဝန်ကြီးနှင့်သင့်မြတ်ရေး တို့အရေး” “စောင်ရေတက်ရေး တို့အရေး” “ဆင်ဆာမမိရေး တို့အရေး” “ဘယ်သူပြုတ်ပြုတ် တို့မပြုတ် ဖား၍ ထုတ်ကြမည်” ဟူ၍ တယောက်နှင့် တယောက် မတူရအောင် အော်ကာ နောက်ဆုံးတွင် “ချိုကုပ်ဒူးကြီးအာဘော် တို့အာဘော်” ဆိုတာနှင့် အဆုံးသတ်လိုက်ကြသည်။ သူတို့ ကိုလည်း မော်ဒယ်လေးများက လာရောက်ခေါ်ဆောင်သွားကာ ဦးအသံတိတ် ရှိနေသည့် ကြက်ခြင်းကြီးနှင့် အုပ်ထားလိုက်ပြန်သည်။
ရုက္ခစိုး။ ။ အခုတဖန် အလှည့်ကျသူကတော့ ခပ်နဲ့နဲ့ ဂျာနယ်က အယ်ချုပ်ကြီး ဦးခပ်နဲ့နဲ့ပဲ ဖြစ်ပါတယ်ခင်ဗျာ။
ဖိုးရှုပ်။ ။ ဂျာနယ်နာမည်ကလည်း ခပ်နဲ့နဲ့ တဲ့။ လူကြည့်ရတာလည်း ခပ်နဲ့နဲ့ ပဲနော် ဦးရုက္ခစိုး။
ရုက္ခစိုး။ ။ အဲဒီဂျာနယ်တိုက်က ပြည်သူတွေ ကောင်းရာကောင်းကျိုးအတွက် သူ့ဂျာနယ်အကျိုးကို မကြည့်ဘဲ တတ်နိုင်သလောက် ရေးနေလို့ စီးပွားရေးအရ မရပ်တည်နိုင်ဘူးကွ။ ပြုတ်တော့မယ့်ဆဲဆဲ ဖြစ်နေတာ … ။
ခပ်နဲ့နဲ့ အယ်ချုပ်စင်ပေါ်တက်လာသည်။ မိုက်ကရိုဖုန်းကို ကိုင်ကာ …
ဦးခပ်နဲ့နဲ့။ ။ ကျနော်တို့ ဂျာနယ်ရဲ့ အယ်ဒီတိုရီယယ်ပေါ်လစီကတော့ ပြည်သူလူထုနဲ့ တထပ်တည်း ကျရေးကို အလေးပေးပါတယ် ခင်ဗျား …။
ချိုကုပ်ဒူးကြီး ထိုင်နေရာမှ ဝုန်းခနဲ မတ်တပ်ထရပ်လိုက်သည်။ ခပ်နဲ့နဲ့ အယ်ချုပ်ကို လက်ညှိုးထိုး၍ …
ချိုကုပ်။ ။ ဟေ့ … သူ့ကို ကြက်ခြင်းနဲ့ မအုပ်နဲ့၊ ထောင်ထဲ တခါတည်း တန်းပို့လိုက်။
နောက်တဖန်အလှည့်ကျသူကတော့ မြန်မာ့အမှောင် သတင်းစာ အယ်ချုပ်ကြီးဖြစ်သည်။ ထိုအယ်ချုပ်ကြီးက စင်ပေါ်တက်၍ အားလုံးကို အလေးပြုကာ ကြက်ခြင်းထဲ တန်းဝင်သွားသည်။
ဖိုးရှုပ်။ ။ ဟာ မြန်မာ့အမှောင်အယ်ချုပ်ကြီးရဲ့ ပါးစပ်ကို ပလာစတာနဲ့ ပိတ်ထားပါလားဗျ။
ရုက္ခစိုး။ ။ အေး မင်းပါးစပ်ကိုပါ ပလာစတာနဲ့ ပိတ်လိုက်လိမ့်မယ် ငြိမ်ငြိမ်နေ။ (ထို့နောက် ပရိသတ်ဘက် လှည့်၍) အခုနောက်ဆုံး ယှဉ်ပြိုင်ဖို့ အလှည့်ကျသူကတော့ တွမ်တီတူး မီဒီယာအယ်ချုပ် ဦးတွမ်တီတူး ဖြစ်ပါတယ် ခင်ဗျား။
တွမ်တီတူး အယ်ချုပ်ကြီးမှာ လက်ဆောင်ခြင်းကြီး ၂ ခြင်းကို မနိုင်မနင်း မ ၍ စင်ပေါ်တက်လာသည်။ သူ့နောက်မှ လူနှစ်ယောက်လည်း လက်ဆောင်ခြင်းများသယ်၍ လိုက်တက်လာသည်။
ဦးတွမ်တီတူး။ ။ အားလုံး သိကြတဲ့အတိုင်း ကျုပ်ကတော့ ပေးစရာရှိပေးမှာပဲ၊ ရေးစရာရှိ ရေးမှာပဲ၊ အဲ … ခြင်းမျက်နှာလေး ထောက်ထားသောအားဖြင့် တခြားဂျာနယ်တွေထက် နည်းနည်းတော့ ပိုပိုသာသာ ရေးခွင့် ပေးပေါ့ဗျာ၊ ဒါပါပဲ … ငှဲငှဲ။
ပြောပြောဆိုဆို စင်အောက်ပြန်ဆင်းသွားသော တွမ်တီတူး အယ်ချုပ်ကို မော်ဒယ်လေးတယောက်က အတင်း လိုက်ဆွဲ၍ ကြက်ခြင်းထဲ ထည့်လိုက်ရသည်။ အမှတ်ပေး ဒိုင်လူကြီးများ အမှတ်ပေါင်းနေစဉ် ကြက်ခြင်းထဲရှိ ဂျာနယ်လစ်ကြီးများ ရန်ဖြစ် စကားများနေကြသည်။
ဦးအသံတိတ်။ ။ ခင်ဗျားက ငွေနဲ့ပေါက်တိုင်း ဘာမဆိုရမယ် ထင်နေတဲ့သူ၊ ခင်ဗျားက တကိုယ်ကောင်း သမား၊ ဂျာနယ်လစ်မဟုတ်ဘူး၊ စီးပွားရေးသမားပဲ။ ခင်ဗျားလိုလူကြောင့် တိုင်းပြည်နာတယ်။
ဦးတွမ်တီတူး။ ။ ခင်ဗျားကျတော့ကော၊ ငွေမပေးနိုင်တိုင်း အစိုးရလုပ်သမျှ ကောင်းတယ်ဆိုပြီး ဖားနေတာ မဟုတ်လား။ ခင်ဗျားလည်း ဘာထူးလည်း … ခင်ဗျားအကျိုးစီးပွားတခုတည်း ကြည့်တာပဲ။ တူတူပဲ၊ ကျုပ်က ရှင်းတယ် ငွေမျော ငွေနဲ့လိုက်ပဲ၊ ငွေနဲ့ခင်းပြီး ကိုယ်လုပ်ချင်တာ လုပ်တယ် ဘာဖြစ်လဲ။ တတ်နိုင်ရင် လိုက်လုပ်ကြပေါ့။
ဦးတွမ်တီတူး စကားက တခြားသူများအတွက်ပါ အနှောင့်အသွား မလွတ်သောကြောင့် အားလုံး ဝိုင်း၍ တယောက်တပေါက် ပြောကြ၊ ငြင်းခုန်ကြရာ ကြက်ခြင်းထဲတွင် ဆူညံနေသည်။
တခြားအယ်ချုပ် ၁။ ။ ဟေ့လူတွေ ကျုပ်တို့က ကိုယ်လုပ်စရာရှိတာကို ရတဲ့နည်းနဲ့၊ အခက်အခဲတွေကြားက၊ ဒုက္ခတွေကြားက လုပ်နေရတာ၊ အပြစ်တင်မစောကြပါနဲ့။
တခြားအယ်ချုပ် ၂။ ။ အပိုတွေ မပြောစမ်းပါနဲ့၊ ခင်ဗျားက ဓားကိုတင့်နဲ့ အစ်ကိုကြီး၊ ညီလေး လုပ်ပြီး ပေါင်းစား နေတာ ဘာမှ အသံကောင်းဟစ်မနေနဲ့။
တခြားအယ်ချုပ် ၃။ ။ ခင်ဗျားကျတော့ကော … တိုက်က သတင်းထောက်တွေကို မဆို့မပို့ လစာလေးပေးပြီး ခင်ဗျားအိတ်ထဲကိုပဲ ထည့်နေတာ မဟုတ်ဘူးလား။
ဆူသံ ညံသံများကြားတွင် မြန်မာ့အမှောင် အယ်ချုပ်ကြီး ကတော့ ပါးစပ်လည်း ဟ မရဘဲ ချောင်တချောင်တွင် ကုပ်ချောင်းချောင်းထိုင်နေသည်။ ဂျာနယ်လစ်များကို အုပ်ထားသည့် ကြက်ခြင်းကြီးနားကို ဦးရုက္ခစိုး ချဉ်းကပ် သွားလိုက်သည်။
ရုက္ခစိုး။ ။ ဟေ့လူတွေ၊ ဟေ့လူတွေ တော်ကြတော့လေ၊ ခင်ဗျားတို့အားလုံး ကြက်ခြင်းထဲ ရောက်နေတာ တောင် ရန်ဖြစ်နိုင်ကြသေးတယ်။ တော်ကြပါတော့ဗျာ၊ တော်ကြပါတော့ဗျ။
ဦးရုက္ခစိုးက နတ်သံနှော၍ အော်လိုက်သောကြောင့် အားလုံးတိတ်သွားသည်။
ဦးတွမ်တီတူး။ ။ ဟာ ချင်းမိုင်ရုက္ခစိုးကြီး … ခင်ဗျားကိုတော့ လေးစားပါတယ်ဗျာ၊ ချင်းမိုင်ပြန်ရောက်ရင် ပြည်ပက မီဒီယာတွေကို ပြောလိုက်စမ်းပါ၊ ဒီလူတွေထဲမှာ ကျုပ်မပါဘူး၊ ကျုပ်က သန့်သန့်လေးလို့ … ဟုတ်လား။
ဦးအသံတိတ်။ ။ ကျုပ်လည်းမပါဘူး၊ ကျုပ်လည်း မပါဘူး၊ ကျုပ်က အီးမြက်၊ ကျုပ်က အန်ဂျီအို၊ ကိုဂေါ်ကြီးနဲ့လည်း ဒင်နာလေး ဘာလေး စားချင်သေးတယ်။ ပြောလိုက်နော် ဦးရုက္ခစိုး။
ဦးရုက္ခစိုး နောက်တွင် ကပ်ပါလာသော ချိုကုပ်ဒူးကြီးက “ဘာပြောတယ်” ဟု အသံကွဲကြီးဖြင့် အော်လိုက်ရာ အားလုံးလန့်သွားပြန်သည်။
ဦးတွမ်တီတူး။ ။ ဦးရုက္ခစိုး … ခုဏက ပြောတာ အတည်မယူနဲ့ဗျာ နော်၊ ဟဲဟဲ။ အလကားနောက်တာ။ ပြည်ပမီဒီယာကို သတင်းပေးနေတဲ့ သူတွေကို တရားစွဲဖို့ကိစ္စလည်း လုပ်ရဦးမယ်ဗျ။ ဒါအရေးကြီးတယ်။ တခြား ကိစ္စတွေ အတွက် အချိန်မပေးနိုင်ပါဘူးဗျာ။
ဦးအသံတိတ်။ ။ ဟဲဟဲ … ကျုပ်တို့က စီးပွားဖြစ်အောင် လုပ်ရဦးမှာ အဲ ယောင်လို့ လုပ်စရာတွေ အများကြီး ရှိသေးတာ ဆိုတော့ ထောင်ထဲဝင်လို့ မဖြစ်သေးဘူး။ ခုဏက အလကား စတာနော် ဟီးဟီး။
ချိုကုပ်ဒူးကြီး။ ။ ကြက်ခြင်းထဲမှာ ထားတာ ကောင်းကောင်းခွပ်ကြ၊ အဲကောင်းကောင်း နေကြ။ ကောင်းကောင်း မနေရင် ခုဏက ခပ်နဲ့နဲ့ ကောင်လို ထောင်ထဲ ရောက်သွားမယ် ဘာမှတ်လဲ။
ချိုကုပ်ဒူးကြီးက ကြိမ်းမောင်းပြီး ဆင်းသွားစဉ် အမှတ်ပေးဒိုင်လူကြီး ဆော်ကြမ်းက ၂၀၀၉ ခုနှစ် ဂျာနယ်လစ် ဖလားကို ကြေညာလိုက်သည်။
ဆော်ကြမ်း။ ။ ၂၀၀၉ ခုနှစ် ဂျာနယ်လစ် ဖလားကြီးကို ပါးစပ်ပိတ်ထားပြီး အထက်ကရေးခိုင်းသမျှ ဆိုးဆိုး ကောင်းကောင်း ရေးပေးနေတဲ့ မြန်မာ့အမှောင်သတင်းစာအယ်ချုပ်ကြီးက ဆွတ်ခူးရရှိသွားပါတယ် ခင်ဗျား။
ဓားကိုတင့်။ ။ တခြား ဂျာနယ်တွေ အနေနဲ့လည်း ဖလားမရလို့ စိတ်မကောင်း မဖြစ်ကြပါနဲ့ခင်ဗျာ၊ ဖလား မရပေမယ့် ကြက်ခြင်းတခုစီ လက်ဆောင်ပေးလိုက်ပါမယ်။
ဂျာနယ်လစ်ကြီးများအားလုံး “ဝေး” ခနဲအော်ကာ လက်ခုပ်ထတီးကြသည်။ အပြန်လမ်းတွင်တော့ ဘာမဆို စစ်စစ်ပေါက်ပေါက် သိရမှ ကျေနပ်သည့် ဖိုးရှုပ်က ဦးရုက္ခစိုးကို မေးခွန်းများထုတ်လာသည်။
ဖိုးရှုပ်။ ။ ကြက်ခြင်းပေးတာ ဘာအဓိပ္ပာယ်လဲဗျ ဦးရုက္ခစိုး။
ဦးရုက္ခစိုး။ ။ ဒါလား … သူတို့ကို ခြင်းထဲက ကြက်တွေနဲ့ တင်စားတာပေါ့ကွာ …။
ဖိုးရှုပ်။ ။ ဘာဖြစ်လို့လဲဗျ။
ဦးရုက္ခစိုး။ ။ ညံ့ရန်ကောကွာ … ကြွက်စုတ်သာပါလာရင် မင်း အကောခံရဦးမယ်။ မှတ်ထား … ခြင်းထဲက ကြက်ဆိုတာ ဘယ်အချိန်သတ်စားစား စားလို့ရတယ်ကွ။ အင်း ဒုက္ခ … ဒုက္ခ ကြက်ခြင်းထဲ ရောက်နေတာတောင် အချင်းချင်း ရန်ဖြစ်နေကြတုန်း၊ စားမာန်ခုတ်နေကြတုန်းပါလား … တကယ်က သူတို့ကို ချိုကုပ်တွေက ရန်တိုက် ပေးနေတာ။ ဒီလူတွေကို မြင်ရတာ ငါ တော်တော်လေး တရားရသွားပြီ … ဒွိုင်ဆူထေ့တောင်ပေါ် ပြန်ပြီး တရားပဲ မှတ်နေတော့မယ်ဟေ့။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။ အားပေး ဝေဖန်ကြသော ပရိသတ်ကို လေးစားလျက် … ။
Set as favorite
Bookmark
Email this
Hits: 6357
written by rcheball, October 25, 2009
အပျော်ဖတ်ဖို့ ရေးတာပဲဖြစ်ဖြစ် အတည်ရေးတာပဲ ဖြစ်ဖြစ်ပေါ့
ပြည်တွင်းမှာ အသက် ရှည်အောင်မွေးနေရတဲ့ စာနယ်ဇင်း သမားတွေ ကိုတော့ မထိခိုက် စေလိုပါ ဘယ်သူမဆို မိမိ ရေးသားသော စာပေအပေါ်တွင် ယုံကြည်မှု ရှိကြပါသည်။
ပြည်တွင်းမှာ အသက် ရှည်အောင်မွေးနေရတဲ့ စာနယ်ဇင်း သမားတွေ ကိုတော့ မထိခိုက် စေလိုပါ ဘယ်သူမဆို မိမိ ရေးသားသော စာပေအပေါ်တွင် ယုံကြည်မှု ရှိကြပါသည်။
written by Ko Sant Tint, October 21, 2009
You are right Ko Tar Tay. This has been taking place long time ago. From my point of view, a country cannot be developed without reasonable media freedom. By blocking and oppressing too much on media freedom will result on that nation's development and especially in national emergency period. For example, look at this argument in our own motherland. Due to lack of media freedom our nation has been resulting and suffering from neighbouring countries' aggression such as Rohingers from Bangladesh, Koe Kant and UWSA who have been supprted by China and Thai's aggression in 2001. Who knows it may be more in future. If there is media freedom in Burma such things can be overcome very quickly.
Write comment
| < Prev | Next > |
|---|



what fanny it is!









