နယ်ခြားစောင့်တပ် ဖွဲ့ဖို့ လက်မခံနိုင်ဘူး

E-mail Print
နိုင်ထောမွန်သည်  မွန်ပြည်နယ် အခြေစိုက် နိုင်ငံရေးအဖွဲ့ ဖြစ်သည့် မွန်ပြည်သစ် ပါတီ၏  ဥက္ကဋ္ဌ ဖြစ်သည်။ ၁၉၅၈ ခုနှစ်တွင် စတင် တည်ထောင်သည့် မွန်ပြည်သစ် ပါတီသည် လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်ကို ကျင့်သုံးခဲ့ပြီး မြန်မာ့ တပ်မတော်နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်လာခဲ့ရာမှ လွန်ခဲ့သည့် ၁၅ နှစ်က အပစ်အခတ် ရပ်စဲရန် သဘောတူညီခဲ့ကြသည်။

မွန်ပြည်သစ်ပါတီသည် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ရေးဆွဲသည့် အမျိုးသားညီလာခံတွင် ပါဝင်ခဲ့သော်လည်း နောက်ပိုင်းတွင် အခြေခံဥပဒေ ရေးဆွဲမှု အစီအစဉ်နှင့် ပတ်သက်ပြီး စစ်အစိုးရနှင့် သဘောထားခြင်း မတိုက်ဆိုင်သဖြင့် ညီလာခံသို့ လေ့လာသူတချို့ကိုသာ စေလွှတ်ခဲ့သည်။

၂၀၀၉ ခုနှစ်တွင် တခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကဲ့သို့ပင် မွန်ပြည်သစ်ပါတီသည် သူ၏ စစ်ရေးအဖွဲ့ကို နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ညွှန်ကြားချက်နှင့် ရင်ဆိုင်ရသည်။

ဇန်နဝါရီ ၃၀ ရက်နေ့၊ မွန်အမျိုးသား နေ့တွင် ဥက္ကဋ္ဌ နိုင်ထောမွန်က ဧရာဝတီနှင့် ထိုင်း-မြန်မာ နယ်ခြားတွင် တွေ့ဆုံစဉ် မြန်မာ့နိုင်ငံရေး အခြေအနေ၊ မွန်ပြည်သစ် ပါတီ၏ သဘောထား အမြင်တို့ကို ပြောပြခဲ့သည်။


မေး။     ။ မွန်ပြည်သစ်ပါတီ အနေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ဘယ်လိုထင်လဲ။

ဖြေ။     ။ကျနော်တို့ သဘောထား ပေးထားပြီးသားပဲ။ ဖွဲ့စည်းအုပ်ချုပ်ပုံ (အခြေခံဥပဒေ) ကို ပြင်ဖို့၊ ပြင်ပြီးမှ ကျနော်တို့ စဉ်းစားရမှာပေါ့၊ ဒီအတိုင်းဆိုရင် ကျနော်တို့ လက်မခံဘူး ပြောထားပြီးသားပဲ။

မေး။     ။ နအဖ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ဘယ်လို မြင်ပါသလဲ။

ဖြေ။     ။ ဒါလည်း ကျနော်တို့ အကြောင်းပြန်ပြီးပြီလေ။ ကျနော်တို့ လက်မခံနိုင်ဘူး၊ ကျနော်တို့ လူထုတွေကလည်း ဒါကိုလက်ခံဖို့ သဘောမတူကြဘူး၊ ဒါကို အကြောင်းပြန်ထားပြီးသားပဲ။  ဒါပေမယ့် ဆွေးနွေးချင်ရင်တော့ ကျနော်တို့ ဆွေးနွေးနိုင်ပါတယ်လို့ အဲဒီလိုပဲ ပြောထားပြီးသားပဲ။

မေး။     ။ မြန်မာစစ်အစိုးရဘက်က နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ဖိအားပေးမှုတွေ ရှိသလဲ။

ဖြေ။     ။ သူတို့ဘက်က မပြောသေးဘူး လောလောဆယ်။ ဒီအတိုင်းပဲ နေနေတယ်။

မေး။     ။ မြန်မာပြည် မြောက်ပိုင်းမှာလိုမျိုး စစ်အစိုးရက ဖိအားတွေ ပေးလာမယ်၊ စစ်ပြင်ဆင်မှုတွေ ရှိလာမယ်လို့ ထင်သလား။

ဖြေ။     ။ ဒီဘက်အခြေအနေကတော့ အဲဒီလို ထွေထွေ ထူးထူး မဖြစ်လာသေးဘူးလို့ မြင်တယ်။ ပြဿနာကလည်း တခြားကိစ္စတွေ ရှိသေးတယ် ထင်တယ်။ ဒီဘက် အခြေအနေ ကြည့်တာ ထူးခြားမှု သိပ်မရှိဘူး။

မေး။     ။ နအဖ စစ်အစိုးရက ရွေးကောက်ပွဲ တကယ်လုပ်မယ်လို့ ထင်သလား။

ဖြေ။     ။ လုပ်မယ်ထင်တယ်၊ ဒါ သူ့ထွက်ပေါက် ဖြစ်နေတော့ သူ လုပ်မယ် ထင်တယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ မရှိဘဲနဲ့ ဒီအတိုင်းသွားရင် ကြာရင် မလွယ်ဘူး။ ဖွဲ့စည်းအုပ်ချုပ်ပုံ တမျိုးမျိုးနဲ့ သူ သွားမှ ပိုပြီးတော့ အဆင်ပြေမယ့် သဘောရှိတယ်ဆိုတော့ သူ့ ထွက်ပေါက်ပေါ့။ သူလုပ်မယ် ထင်တယ်လေ။ ဘယ်လိုဖြစ်လာမလဲတော့ မပြောနိုင်သေးဘူး။

မေး။     ။ တကယ်လို့ ဖွဲ့စည်းအုပ်ချုပ်ပုံကို ပြင်ချင်ရင် ဘယ်နေရာကို ပြင်ချင်တာလဲ။ တိုင်းရင်းသားအခွင့်အရေးနဲ့ ပတ်သက်ပြီး ဘာမှ မရှိဘူးလို့ ကျနော်တို့ သိထားတယ်။

ဖြေ။     ။ ကျနော်တို့ အဓိက ပြင်ချင်တာက ဒီမိုကရေစီ စံနှုန်းနဲ့ မကိုက်ညီတဲ့ဟာတွေပေါ့။ အထူးသဖြင့် တပ်က ၂၅ ရာခိုင်နှုန်း ယူထားတာရယ်၊  နောက် - အချက်အချာ ကျတဲ့ နေရာတွေမှာ စစ်ဘက်ကပဲ အများအားဖြင့် ယူထားတာပေါ့၊ ဒါကလည်း တပိုင်းပေါ့။ နောက်တပိုင်းက ဒီမိုကရေစီ အခွင့်အရေးလည်း စံနှုန်းလည်း မမီဘူးပေါ့၊ ဒါတွေ ပြင်ရမယ်။ နောက်  တိုင်းရင်းသား အခွင့်အရေးလည်း ခုနက ပြောသလိုပေါ့၊ ဒီမိုကရေစီ အခြေခံ မရှိတော့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ဆိုပေမယ့်လည်း  တကယ်တမ်းကျတော့ အဲဒီ အခွင့်အရေး သိပ်မရှိဘူး။ ကျနော်တို့ (အမျိုးသားညီလာခံမှာ တိုင်းရင်းသားအဖွဲ့) ၁၃ ဖွဲ့ တင်ထားတာလည်း (စစ်အစိုးရက) မစဉ်းစားဘူး မဟုတ်လား။ အဲဒီအကြောင်းရင်းခံတွေကြောင့် ကျနော်တို့ လက်မခံနိုင်ဘူး။ ပြင်ရင်လည်း အဲဒီအချက်တွေ ပြင်ရမှာပေါ့။

မေး။     ။  မြောက်ပိုင်းမှာ ရှိတဲ့ ရှမ်း၊ ၀၊ ကိုးကန့် တိုင်းရင်းသား တွေနဲ့ ပတ်သက်ပြီး ဘာပြောချင်သလဲ။

ဖြေ။     ။ ဘ၀တူတွေပဲ မဟုတ်လား၊ တိုင်းရင်းသားတွေရဲ့ အရေးက ကိုယ်ပိုင်ပြဌာန်းခွင့်၊ တကယ့် စစ်မှန်တဲ့ ပြည်ထောင်စုထဲမှာ တိုင်းရင်းသားတွေ အချင်းချင်း နေဖို့ပဲ လို့ ကျနော်တို့ မြင်တယ်။ အဲဒီရည်မှန်းချက် ရောက်ဖို့က တိုင်းရင်းသားတွေ အားလုံး စုစုစည်းစည်း ရှိကြဖို့ လိုမယ်။ အတူတကွ အမြင်တခုတည်း တိုင်းရင်းသားအရေးအတွက် ပူးတွဲပြီးတော့ ဆက်စပ်မှု ရှိရှိ၊ ညီညွတ်မှု ရှိရှိနဲ့ ကြိုးစားသွားရင်တော့ ရည်မှန်းထားသလို ဖြစ်နိုင်မယ်။

မေး။     ။ မွန်ပြည်နယ်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ စစ်တပ်ကနေ တိုးပြီးလုပ်နေတာ ဘာတွေ ရှိသလဲ။

ဖြေ။     ။ မွန်ပြည်နယ်ထဲမှာ အပစ်အခတ်ရပ်ထားတာ ၁၅ နှစ်လောက် ရှိပြီ။ တပ်က မွန်ပြည်နယ်ထဲမှာ တချို့ တိုးလာတာ ရှိတာပေါ့။ သိပ်ပြီး ထွေထွေ ထူးထူး မရှိဘူး ထင်တယ်၊ တိုးချဲ့ထားပြီးသား၊ ၁၀ နှစ် ကျော်ပြီ မဟုတ်လား။

မေး။     ။ စစ်အစိုးရတပ်တွေ မွန်ပြည်နယ်ထဲမှာ ဘယ်လောက်တောင် တိုးလာသလဲ။

ဖြေ။     ။ သိပ်မတိုးဘူး။ နေရာတွေ ပိုပြီးတော့ ယူလာတယ်။ တပ်မ ၁၉ ရေး (မြို့) ဧရိယာ ခွင်မှာပေါ့၊ တပ်တွေ ရှိထားပြီးသားပဲ။ ကျနော်တို့ ဧရိယာထဲမှာ လှုပ်ရှားလာတဲ့ အပိုင်းတော့ မရှိဘူး။ တပ်တွေ ချထားရုံလောက်ပဲ ရှိတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုကတော့ ရှိမှာပေါ့၊ စစ်အုပ်ချုပ်ရေး ယန္တရားက ရှိနေတယ် ဆိုတော့ ရှိမှာပဲ၊ အသေးစိတ် ပြောရင်တော့ ပြောလို့ မကုန်ဘူး။ စစ်အုပ်ချုပ်ရေး ရှိနေသမျှ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ဓမ္မတာပဲ၊ သူ ရှိမှာပဲ။

မေး။     ။ မွန်ပြည်သစ်ပါတီရဲ့ လက်အောက်ခံတပ်တွေက ပြန်တိုက်ဖို့ အစီအစဉ်ရော ရှိသလား။

ဖြေ။     ။ ဒါကတော့ နိုင်ငံရေး အခြေအနေပေါ် တည်မှာပေါ့။ သူက တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမယ် ဆိုရင် ကျနော်တို့လည်း ဒါကို လိုလားတယ်ပေါ့၊ မဟုတ်လား။ ကျနော်တို့က ကြိုးစားနေတာ ဒါပဲ။ သူက အင်အားသုံးပြီး ဖြေရှင်းမယ် ဆိုရင် ဖြစ်နိုင်တဲ့နည်းနဲ့ ခုခံ ကာကွယ်ရမှာပေါ့။

မေး။     ။ အခု ပြောခဲ့တဲ့ မွန်အမျိုးသားနေ့ မိန့်ခွန်းထဲမှာ အမေရိကန် အစိုးရရဲ့ ပေါ်လစီ လို့ ထည့်ပြောသွားတာ ကြားလိုက်ရပါတယ်။ စစ်အစိုးရကို အမေရိကန်က ပိတ်ဆို့မှုတွေ့နဲ့ အရေးယူထားတာနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထား ရှိသလဲ။

ဖြေ။     ။ ဒါက အမေရိကန် ပေါ်လစီ၊ သူ့ အစိုးရရဲ့ ရပ်တည်ချက်ပဲ။  တွေ့ဆုံဆွေးနွေးရေးကို ဆက်ပြီး အထောက်အကူ ပြုရင် ကြိုဆိုမယ်။ အထောက်အကူ မပြုဘူး ဆိုရင်တော့ ကျနော်တို့ အမြင်က တမျိုးပေါ့။ သူ့ပေါ်လစီကို ကျနော်တို့ အားလုံး လေ့လာလို့ မပြီးသေး၊ မပြည့်စုံဘူး ဆိုတော့ ပြည့်ပြည့်စုံစုံ ပြောလို့ မဖြစ်နိုင်သေးဘူး။ ကျနော့်အမြင်က သူက တကယ်လို့ တွေ့ဆုံ ဆွေးနွေးရေးဘက်ကို ဦးတည်ပြီးတော့ ဖိအားပေးရင်တော့ ကျနော်တို့ ကြိုဆိုတဲ့သဘော ရှိမှာပေါ့။

မေး။     ။ ကုလသမဂ္ဂကလည်း မြန်မာပြည်မှာ ကြားဝင် စေ့စပ်ဖို့ အစီအစဉ်တွေ လုပ်ခဲ့တယ်။ အောင်မြင်မှု မရှိဘူး။ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ အမြဲတမ်း လာတယ်၊ မစ္စတာ ရာဇာလီ လာတယ်၊ မစ္စတာ ဂန်ဘာရီ လာတယ်၊ အောင်မြင်မှု ဘာမှ မရှိဘူး၊ ဒါကို ဘယ်လိုထင်သလဲ။

ဖြေ။     ။ ပြည်တွင်းရေးလည်း ဖြစ်နေတော့ ဒါကတော့ ကုလသမဂ္ဂကလည်း ပြည်တွင်းရေးကို အားလုံး ၀င်စွက်လို့မှ မရဘဲ။ ဒါကြောင့် ကြိုးစားလည်း အကောင်အထည် မပေါ်ဘူးပေါ့။

မေး။     ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဘယ်လိုထင်လဲ၊ NLD အပေါ် ဘယ်လို ထင်သလဲ။

ဖြေ။     ။ ဒါက ဒီမိုကရေစီ အောင်ပွဲရထားတဲ့ပါတီပဲ။ ဒါ ကျနော်တို့လည်း ကြိုဆိုတာပေါ့။ သူ့ခေါင်းဆောင်မှုကိုလည်း ပြည်သူ လက်ခံထားပြီးသားပဲ။

မေး။     ။ သူတို့ကို ယုံသလား။

ဖြေ။     ။ ဗမာအဖွဲ့အစည်းအနေနဲ့ ကျနော်တို့ ယုံတာပေါ့၊ ဒါပေမယ့် တိုင်းရင်းသားအရေးနဲ့ ပတ်သက်ရင်တော့ တမျိုးပေါ့။

မေး။     ။ မယုံဘူးပေါ့။

ဖြေ။     ။ ဒါက သူ့လုပ်ရပ်ကို သိရမှာပေါ့။ ဗမာတိုင်းရင်းသားနဲ့ ပတ်သက်ရင် သူ ဗမာလူ့အဖွဲ့အစည်းအတွက် တကယ့် ခေါင်းဆောင်တယောက်ပေါ့။ အသိအမှတ် ပြုမယ်ပေါ့။ ဒါပေမယ့် တိုင်းရင်းသားတွေ အားလုံးနဲ့ ပတ်သက်ရင်တော့ ကျနော် မပြောနိုင်ဘူး၊ သူ့လုပ်ရပ်၊ တကယ့်လုပ်ဆောင်ချက်ပေါ်မှာ မူတည်တာပေါ့။ တိုင်းရင်းသား လက်ခံရင်တော့ သူ ခေါင်းဆောင်မှု ရမှာပေါ့။

မေး။     ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကိုရော ယုံသလား။

ဖြေ။     ။ ဒါကလည်း သူ့တိုင်းပြည်အတွက် သူလုပ်တာပေါ့။ တိုင်းရင်းသားအရေး ဒီမိုကရေစီအရေး လုပ်ရင်တော့ ပြည်သူက ကြိုဆိုမှာပေါ့၊ သူမလုပ်ရင်တော့ ကျနော်တို့လည်း လက်မခံနိုင်ဘူး။     ။
Comments (12)Add Comment
0
I like your decision.
written by မျိုးသာဂီ, March 07, 2010
မေး။ ။ သူတို့ကို ယုံသလား။

ဖြေ။ ။ ဗမာအဖွဲ့အစည်းအနေနဲ
0
good answer
written by nirrooda, February 19, 2010
He gave very appropriate answer for the good of our all national races.So I agree with all of his answer.
Nirrooda
0
ရပ်တည်ချက် ကောင်းတယ်
written by ခိုင်နိုင်ထွန်း, February 12, 2010
မွန်ပြည်သစ် ပါတီ ခေါင်းဆောင်ရဲ့ ခိုင်မာတဲ့ ရပ်တည်ချက် ကြိုက်ပါတယ်။ ဒီလို မားမား မတ်မတ် ဆက်ရပ်တည်ရင် တနေ့ ကျနော် တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေ အသေ အချာ ရလာမှာပါ။ ဆက်ပြီးတော့ ပြတ်ပြတ် သားသား ရပ်တည်နိုင်ပါစေ။ အပြည့် အ၀ ထောက်ခံပါတယ်။
0
လေးစားပါတယ်
written by စီအက်ဖ်ဂျီ, February 12, 2010
မွန်ပြည်သစ် ပါတီ ရပ်တည်ချက်ကို လေးစား ပါတယ်
အမျိုးသား နိုင်ငံရေး အပေါ် ခိုင်ခိုင် မာမာ ရပ်တည်တဲ့ ပါတီဟာ ပြည်သူနဲ့ အတူ အောင်ပွဲခံမှာ မုချပါပဲ
နိုင်ငံရေး ရပ်တည်ချက် ပြတ်ပြတ် သားသား တင်ပြတဲ့ ပါတီရပ်တည်ချက်ကို တုန့်ပြန်မယ့် ပြင်ဆင်မှုတွေကို အထူး ပြုလုပ် ပြင်ဆင်ထားဖို့ အကြံ ပြုပါရစေ
နအဖ ဟာ နည်းလမ်း ပေါင်းစုံနဲ့ ကောက်ကျစ်မှာပါပဲ
အပစ်အခတ် ရပ်စဲရေး လုံးဝ အကျိုး မရှိတော့ဘူး ဆိုရင် နအဖ ဘက်က ဖောက်ဖို့ မစောင့်သင့်ပါဘူး
ပါတီက အရင်စ စိန်ခေါ်သင့်ပါတယ်
ကေအန်ပီပီ လို ပြတ်သားဖို့ လိုပါတယ်

နအဖ အာဏာ ရှိသရွေ့ ဘယ်တော့မှ တိုင်းရင်းသား တွေနဲ့ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှာ မဟုတ်ဘူး

မွန်ပြည်သစ် ပါတီ ခေါင်းဆောင်များ - ရဲဘော်ရဲမေများ ကို လေးစားပါတယ်
0
...
written by Zwegabinthar, February 12, 2010
There is no reason to disagree with an ethnic leader who defends his own people. However, he should also have a clear view over the NLD's representation. He says in the article that he trusts in the NLD as a Burmese political party. Does the NLD only represent the Burmese majority? In order to gain roughly 85% of the seats in parliament couldn't have been just by the votes from Burmese in 1990 general elections.
0
ကြိုက်တယ်..
written by Burmese, February 11, 2010
နအဖ လုပ်နေတဲ့ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာ တစ်ချက်မှ ပုံမလာဘူး။ မွန်ပြည်သစ် ပါတီရဲ့ ရပ်တည်ချက်ကို ထောက်ခံတယ်ဗျာ။ ဖြေသွားတာ ပြတ်သားတယ်၊ နအဖလို့ ဝေ့လည် ကြောင်ပါတ် ပြောမသွားဘူး။
0
GOOD LEADER
written by REALITY, February 06, 2010
THIS IS MY FIRST TIME TO READ NAING HTAW MON 'S INTERVIEW. I THINK HE IS INTELLIGENT AND EXPERIENCED LEADER.
MONS UNDER HIS LEADERSHIP SHOULD BE PROUD OF HIM.
0
...
written by AeiKoh!, February 06, 2010
smilies/shocked.gifsmilies/shocked.gifsmilies/shocked.gif မွန်ပြည်ပါတီ ၏ ခေါင်းဆောင် ဖြေကြားသွားတဲ့ အဓိပ္ပါယ်က ဗမာ စစ်တပ်မှာလည်း လက်နက် မွန်စစ်တပ်မှာလည်း သေနတ်နဲ့ပါပဲ ကြောက်ရွံ့ခြင်း မရှိနိုင်ပါ။ မွန်ပြည် သူများနှင့် မွန်တပ်မေ တ်ာများသည်
အမှန်တရား အတွက် တိုက်ပွဲ ၀င်နေကြတာပဲ။ မွန်ပြည်ပါတီမှ ခေါင်းဆောင်ကြီး နိုင်ထောမွန် ဖြေကြားသွားတဲ့
စကားလုံးတွေ မွန်ပြည်သူတို့ရဲ့ဆန္ဒ အတိုင်းပါပဲ ဆိုလိုတယ်။
0
Like it!!
written by Zero, February 04, 2010
ဖြေထားတာ ပြတ်သားတယ်..
စကားကို အပိုအလို မရှိဘဲ ပြတ်ပြတ် သားသား ရှင်းရှင်း လင်းလင်းဖြေ ထားတာ သဘောကျတယ်..
0
မွန်ပြင်သစ်ပါတီကို ထောက်ခံကြ
written by Ougkar, February 04, 2010
မွန်ပြည်သစ်ပါတီရ ရပ်တည်ချက်ဟာ ယနေ့ မြန်မာ့ နိုင်ငံရေး အတွက် အထူး အရေးကြီးသည်၊ မွန်လူထု တစ်ရပ်လုံး အနေနဲ့ မွန်ပြည်သစ် ပါတီကို ထောက်ခံ ကြိုဆိုသင့်တယ်၊ မွန်ပြည်သစ်ပါတီ ရပ်တည်ချက်ဟာ မွန် တစ်မျိုးသားလုံး ကောင်းစားရေး အတွက် မဟုတ်၊ ဘဝတူ တိုင်းရင်းသား အတွက်ကော မြန်မာပြည်သူ လူထု အတွက်ပါ အရေး ပါသည့် အတွက် ရပ်တည်ချက် ဖြစ်လို့ ရှေ့ဆက် သည်အတိုင်းသာ ရပ်တည်သွား သင့်သည်
0
ကြိုက်
written by boman, February 04, 2010
ဖြေတာတွေကို ကြိုက်တယ်။
0
New Mon State Party and Border Guard Force
written by Chit Thein Than, February 03, 2010
The New Mon State Party (NMSP) is in dilemma since it concluded the peace agreement with the SPDC. It cannot accept to become the Border Guard Force under the Burma Army Command after a new Burmese Government is formed, but it lacks the will, men and materials to fight to retains its autonomy. The SPDC will encroach on them even if they don't fight militarily and the NMSP will dwindle and wither away. The leaders of th NMSP are like the sheep that trust their lives to the wolves. They have no alternative but to accommodate the SPDC's demands and the next Burmese Government's actions on them. And a sovereign Mon State is no nearer than now as when the NMSP was first established!

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်