လက်ရှိ အမေရိကန်နိုင်ငံတွင် နေထိုင်လျက်ရှိသော ဦးဝင်းဖေသည် မြန်မာပြည်တွင်း၌နေထိုင်စဉ် ရုပ်ရှင် ကားပေါင်း ၂ ဒါဇင်ခန့်နှင့် ဗီဒီယိုကားပေါင်းများစွာ ရိုက်ကူးခဲ့သည့် အကယ်ဒမီဆုရှင်တဦးဖြစ်ပြီး ရုပ်ရှင်ဇာတ် လမ်း၊ ဇာတ်ညွှန်းများ နှင့် ၀တ္ထုတိုများစွာကိုလည်း ရေးသား ခဲ့သူဖြစ်သည်။
ဦးဝင်းဖေသည် မြန်မာ ခေတ်ပြိုင်ပန်းချီနှင့် မော်ဒန်ပန်းချီ တည်ထောင်သူထဲ၌ တဦးအပါအ၀င်ဖြစ်ပြီး ၁၉၉၄ ခုနှစ်တွင် အမေရိကန်နိုင်ငံ အိုင်အိုဝါ တက္ကသိုလ်မှပေးအပ်သော Fellowship for Literature ရရှိခဲ့သည်။ ၁၉၉၇ ခုနှစ်မှစ၍ လွတ်လပ်သည့်အာရှ အသံ(RFA)အသံလွှင့်ဌာနတွင် စီနီယာ အယ်ဒီတာ တာဝန်ကို ၈ နှစ် ခန့် ထမ်းဆောင်ပြီးနောက် ၂၀၀၅ ခုနှစ်တွင် တာဝန်မှအနားယူကာ ၀ါသနာပါသည့် ပန်းချီရေးဆွဲခြင်း အလုပ် ကို လုပ်ကိုင်လျက်ရှိသည်။ ဦးဝင်းဖေ အမေရိကန် နိုင်ငံတွင်ရောက်ရှိ နေသည်မှာ ၁၅ နှစ် ကျော်ပြီ ဖြစ်သည်။
မေး။ ။ အရင်တုန်းက ရုပ်ရှင်တွေရိုက်ခဲ့တယ်၊ ပန်းချီတွေလည်း ဆွဲခဲ့တယ်၊ အခု လတ်တလော အနုပညာ ဖန်တီးမှုနဲ့ ပတ်သက်လို့ ဘာများလုပ်နေပါသလဲ။
ဖြေ။ ။ ကျနော်က ၂၀၀၅ ခုနှစ်ကစပြီးတော့ အလုပ်ကအနားယူတယ်၊ အလုပ်ဆိုတာက RFA မှာ စီနီယာ အယ်ဒီတာလုပ်တယ်၊ အဲ့ဒီအလုပ်ကအနားယူပြီးတော့ အချိန်ပြည့် ပန်းချီဆွဲတယ်၊ နောက်ပြီးတော့ အချိန် ပိုင်း BBC နဲ့ VOA မှာ သူတို့တောင်းဆိုတဲ့ အစီအစဉ်(feature)လေးတွေကို လုပ်ပေးတယ်၊ အဲ့ဒီ နှစ်ခုအပြင် စာရေးတယ်၊ ပန်းချီရေးတာကတော့ အချိန်ပြည့်လုပ်ပြီးတော့ အဲ့ဒီအလုပ်နဲ့ ရပ်တည်နေတယ်၊ ဒါပေမယ့် ပန်းချီရေးတော့မှ အလုပ်ကပိုရှုပ်လာတယ်၊ ဘာကြောင့်လည်းဆိုတော့ ကိုယ်ကပဲ အလုပ်ရှင် ကိုယ်ကပဲ အလုပ်သမားဆိုတော့ ဖိခိုင်းတော့တာပေါ့ဗျာ၊ အလုပ်သမားကလည်း ကိုယ်လုပ်ချင်ရာ ကိုယ် လုပ်ရတော့ ပိုပြီးလုပ်တယ်၊ အဲ့ဒါကြောင့် သူများထက်အလုပ်ပိုများတယ်၊ အရင်တုန်းက ၈ နာရီလုပ်တာ အခု တော့ ၁၅ နာရီတွေ ဘာတွေ လုပ်လာရတာပေါ့။
မေး။ ။ အဲဒီတော့ ပန်းချီနဲ့ လေလှိုင်းကနေ လွှင့်ရတဲ့ အသံလွှင့်လုပ်ငန်းရဲ့ခံစားမှုနဲ့ ကွာခြားမှုက ဘယ်လိုရှိ လဲ။
ဖြေ။ ။ ခံစားမှုက အများကြီးကွာတယ်၊ ကျနော်က ဂျာနယ်လစ်ဇင်နဲ့က အတော်ကို မသက်ဆိုင်တာ၊ ကျနော် ငယ်ငယ် အသက် ၂၀ ကျော်ကတည်းက မန္တလေးလူထု သတင်းစာမှာ နိုင်ငံခြားရေး အယ်ဒီတာ ရာထူးကို ရတယ်၊ လူထု ဦးလေးလှနဲ့ ဒေါ်အမာနဲ့က ကျနော့်ကိုချစ်တယ်၊ သူတို့က ကျနော့်အဖေ( ရွှေပြည်ဦးဘတင်) ရဲ့တပည့် တွေ၊ ကျနော်က သူတို့နှစ်ယောက်ရဲ့တပည့်၊ အဲ့ဒီတော့ မတန်မရာ အဲဒီရာထူးကိုပေးတာ၊ ဒါပေမယ့် ကျနော်က ဂျာနယ်လစ်ဇင်နဲ့ပတ်သက်လို့ သိပ်ဝါသနာ မပါဘူး၊ ၁ နှစ်ပြည့်အောင်တောင် မလုပ်ဖူး ဘူး၊ ဒီတိုင်းထားခဲ့တာ၊ ကျနော့်တသက်မှာ ဂျာနယ်လစ်လုပ်မယ်ဆိုရင် လုပ်လို့ရပါလျက်နဲ့ အဲ့ဒီနယ်ထဲမှာ မရှိခဲ့ဖူးဘူး။
အမေရိကားရောက်လို့ ရေဒီယိုဖရီးအာရှ (RFA)လုပ်တော့ ကျနော်တို့က ထူထောင်တဲ့သူတွေ၊ ကျနော့်ကို သူတို့က ခေါ်တာဝန်ပေးတယ်၊ ကျနော်က မြန်မာပြည်အတွက် လုပ်ရမှာဆိုတဲ့ အသိနဲ့ ကျနော်ကလုပ်တာ၊ ကျနော်က အဲဒီလိုပြောဖို့ ကိုဝါသနာမပါဘူး၊ သို့သော် ၀ါသနာမပါပေမယ့် တိုင်းပြည်အတွက် အကျိုးရှိရာ ရှိကြောင်းကို လုပ်မယ်ဆိုပြီး လုပ်တာ။
ရေဒီယိုမှာ စကားပြေတဲ့ကိစ္စနဲ့ ပန်းချီနဲ့က အတော်ဝေးတယ်၊ ပန်းချီဆိုတာ ငယ်ငယ်ကတည်းက မလုပ်ရ မ နေ နိုင်တဲ့ ၀ါသနာတခု၊ ရေဒီယိုက စကားပြောတာ၊၊ သတင်းနဲ့ပတ်သက်တာ၊ ဆောင်းပါးတို့ စာပေဟောပြော ပွဲလုပ်မယ်တို့ ဆိုတာ ကျနော့်ရဲ့ ဂီတ၊ ပန်းချီ၊ ရုပ်ရှင် ၀ါသနာနဲ့ အတော်ကိုကွာတယ်၊ ဂျာနယ်လစ်ဇင်က သိပ်ကောင်းတယ်၊ သိပ်ကြီးကျယ်တယ်၊ ပြည်သူအတွက်လည်း အကျိုးပြုတယ်၊ ဒါပေမယ့် အဲ့ဒီအပေါ်မှာ ၀ါသနာမပါဘူး၊ တိုင်းပြည်အပေါ်မှာ အကျိုးရှိလို့သာလုပ်တာ၊ အခုလည်း ဆက်လုပ်ပါဆိုပြီးတောင်းဆို ပေမယ့်လည်း အချိန်ပြည့်တော့မလုပ်နိုင်တော့ဘူး၊ BBC နဲ့ VOA မှာ နည်းနည်းပါးပါးလုပ်တယ်၊ စာရေးတာ ကိုတော့ ၀ါသနာပါတယ်၊ ပုံပြင်ပြောတာ ၀ါသနာပါတယ်၊ ပုံပြင်ကို ဒီတိုင်းပြောတာထက် မက်ဆေ့ခ်ျ (Message) ပေးချင်တာလည်း ပါတယ်၊ ပုံပြင်တွေရေးရင်လဲ ဇတ်လမ်းဖြစ်ရုံလောက်နဲ့တော့ မရေးပါဘူး၊ ဘာကိုပြောချင်တာလဲ ဆိုတာရှိတယ်၊ အဲ့ဒါကြောင့် စာရေးရင် တခုခုပြောချင်တာက စတယ်၊ မက်ဆေ့ခ်ျကို ရှာပြီး အဲ့ဒါကိုပြောနိုင်မယ့် ဇတ်လမ်းကလေးကိုရေးတာ။
မေး။ ။ စာပေနဲ့ပတ်သက်လို့ရော၊ ဘယ်လိုကနေ ၀တ္တုတွေရေးဖြစ်လာသလဲ ဆိုတာပြောပြပါဦး။
ဖြေ။ ။ ငယ်ငယ်ကတည်းက စာဖတ်ဝါသနာပါတယ်၊ဖတ်တယ်၊ ရုပ်ရှင်တွေ အရမ်းကြည့်တယ်၊ပထမတော့ ကိုယ်ဖတ်ဖူးတာကို သူများကို ပြန်ပြောတယ်၊ ကိုယ်ကြည့်လာတဲ့ ရုပ်ရှင်ကို သူများကိုပြောပြတယ်၊ကိုယ့်ကို ကိုယ် စပြီး သတိထားမိတာက ပြန်ပြောတဲ့နေရာမှာ ကိုယ်က သူများထက် အောင်မြင်တဲ့ သူဖြစ်လာတယ်၊ ပုံပြောတာ၊ ပြန်ပြောတာ၊ ရှင်းပြတာတွေကို ငယ်ငယ်ကတည်းက ၀ါသနာပါတယ်၊ ဘယ်လောက်တောင်လဲ ဆိုတော့ သူငယ်ချင်းတွေကို မုန့်ကျွေးပြီးပြောတယ်၊ သူငယ်ချင်းတွေကသိတယ်၊ အီကြာကွေးနဲ့ လက်ဖက် ရည်တိုက်မယ်ဆိုရင် ဒီကောင်ဘာဖတ်လာပြန်လဲပေါ့၊ မင်းဒီလောက်နဲ့မရဘူး မု့န်တီကျွေးရမယ်ဖြစ်လာတယ်၊အကျပ်ကိုင်တဲ့အခြေအနေကို ရောက်ရော၊ တခါတလေ သိပ်ပြောချင်ရင် သူတို့ပြောသလိုလုပ်ရတယ်၊ ပြန် ပြောရင် စီကာပတ်ကုံး စိတ်ပါလက်ပါပြော တတ်တယ်၊ ပြောချင်တော့ စာဖတ်ရတာပေါ့၊ နောက် ရုပ်ရှင် ဇာတ်ညွန်းရေးတယ်၊ ရုပ်ရှင်ရိုက်တယ်၊ နောက် ဖလင်ကပြတ်သွားတော့ ၀တ္တုရေးတယ်၊ ကျနော်က ဇာတ် ညွန်းရေးတာများတယ်။
မေး။ ။ ဆရာ ဖန်တီးတဲ့ အနုပညာတွေမှာ ထူးခြားတာတွေ တွေ့ရတယ်၊ စာပေမှာလည်း ထူးခြားမှု တွေ တွေ့ ရတယ်၊ အဲ့ဒါ ပန်းချီရဲ့ ရိုက်ခတ်မှုတွေများလား။
ဖြေ။ ။ ပန်းချီကနေ စာပေကိုရိုက်ခတ်တာ နည်းမယ်ထင်တယ်၊ ဘာကြောင့်လည်းဆိုတော့ ကျနော်က စာဖတ် တာ အင်မတန်စောတယ်၊ စာစုံဖတ်တယ်၊ လွတ်လပ်တဲ့စာတွေလည်း အများကြီးပဲ ဖတ်တယ်၊ ပန်းချီကနေ ရိုက်ခတ်တယ်ဆိုတာတော့ ဟုတ်ကောင်းမှဟုတ်မယ်၊ တနွယ်ငင်တစဉ်ပါ ဆိုသလို ပါကောင်းပါမယ်၊ တချိန်တုန်းကလည်း ပန်းချီဆရာမောင်ဒီက အဲဒီလိုမျိုးပြောဖူးတယ်၊ ကာတွန်းငွေကြည် က ကျနော်က ကာတွန်းရေးခဲ့တဲ့အတွက် ကာတွန်းအိုင်ဒီယာတွေကို ၀တ္တုတိုရေးတာပါပဲ လို့ပြောတယ်၊ ဒါပေမယ့် သူတို့ ထင်မြင်ချက်တွေက ရာခိုင်နှုန်းပြည့် မှန်ဖို့မရှိသလို ရာခိုင်နှုန်းပြည့်မှားဖို့လည်း မရှိဘူး၊ နည်းနည်းပါးပါး သက်ရောက်ပါလိမ့်မယ်။
ဒါပေမယ့် ကျနော်ရဲ့ ပုံပြောချင်တဲ့စိတ်၊ တစုံတရာကို ရှင်းလင်းပြန်ပြောပြချင်တဲ့ စိတ်က ပန်းချီတို့ဘာတို့ ၀ါသနာပါခဲ့သလို ငယ်ငယ်လေးကတည်းက ပါခဲ့ပုံရတယ်၊ သက်ရောက်မှုတော့ ရှိတယ်၊ သီးခြားဖြစ်နေတာ က များမယ်ထင်တယ်။
ပန်းချီကို ကျနော်တို့အဖေက ပန်းချီမရေးမနေရ၊ ဂီတမလိုက်မစားဘဲမနေရ၊ ၀ါသနာဗီဇ ပါသည်ဖြစ်စေ မပါ သည် ဖြစ်စေ သားသမီးတိုင်းအကုန်ရေးရတယ်၊ လေးတန်းလောက် ရောက်တော့မှ မလိုက်ချင်တဲ့လူ၊ စိတ် မပါတဲ့သူကိုလွှတ်လိုက်တာ၊ကျနော်က နှစ်ခုစလုံး ၀ါသနာပါတယ်။
မေး။ ။ ဒါဆို အခု ဘယ်လိုပန်းချီမျိုးတွေကိုရေးဆွဲ နေပါသလဲ။
ဖြေ။ ။ အမျိုးမျိုးပဲ ဆွဲနေတယ်၊ ကျနော်လည်း ခင်မောင်ရင်(မော်ဒန် ပန်းချီဆရာ)နီးပါးပဲ၊ ခင်မောင်ရင် လောက်သာ အနုပညာ သီလ မကြီးတာ၊ ခင်မောင်ရင်က စားဝတ်နေရေးကို ဂရုမစိုက်တဲ့ကောင်၊ မိသားစု ရယ်လို့လည်း မရှိဘူး၊ ဒါပေမယ့် တခြားသူတွေကိုတော့ မိသားစုလို ခင်တတ်တယ်၊ တိုက်ရိုက်မိသားစု မရှိ ဘူး၊ သီလထိန်းတဲ့ နေရာမှာ ပိုလုံတယ်။
ကျနော်က မိသားစုရှိတော့ ကျနော့်မှာတာဝန်ရှိလာတဲ့ အခါကျတော့ အဲဒီလိုအခါမျိုးမှာ အနုပညာက အနည်း နဲ့အများမသန့်ဘူးဗျ၊ ငွေမျက်နှာကို မော့ကြည့်မိတာတို့ လှမ်းကြည့်မိတာတို့ ရှိတတ်တယ်၊ ဒီအချိန် အထိ ကျနော့်မှာ အနှောင့်အရှက်ဖြစ်နေတယ်၊ ကျနော်ငွေမျက်နှာ မကြည့်ဘဲ ရေးလိုက်ရင် အဲ့ဒီ ပန်းချီ ကားက ပိုရောင်းရတယ်၊ သိသိကြီးနဲ့ ပိုက်ဆံရှာတဲ့ အလုပ်ဆိုပြီး စိတ်ထဲကနေထားလုပ်ရတယ်၊ ၀မ်းနည်းခြင်းတော့ မရှိပါဘူး၊ တချို့ကမေးတယ်၊ မင်းပိုက်ဆံရှာဖို့ ပန်းချီရေးတာလားဆိုရင် ကျနော်အရိုးသားဆုံး ဟုတ်တယ်လို့ ၀န်ခံတယ်၊ အမှန်တရားကို ဟိုနယ့်ဒီနယ့် လိမ်ပြောနေစရာ အကြောင်းမရှိပါဘူး။
ကိုယ်ရေးချင်လို့လည်း ရေးတယ်၊ ပိုက်ဆံရှာဖို့လည်း ရေးတယ်၊ အမှန်ကတော့ တခြားနည်းနဲ့ ပိုက်ဆံရရင် တခြားနည်းနဲ့ ပိုက်ဆံရှာချင်တယ်၊ သို့သော် ခင်မောင်ရင်လောက်တော့ အနုပညာသီလ မရှိသေးပါဘူး၊ အရိုးဆုံးပြောပြတာပါ။
မေး။ ။ ပြီးခဲ့တဲ့ ၂၀၀၉ အောက်တိုဘာလကုန်ပိုင်းက ချင်းမိုင်မှာ ပြသွားတဲ့ အဲဒီ ပန်းချီ ဦးခင်မောင်ရင်ရဲ့ တကိုယ်တော်ပြပွဲမှာ Portrait ပုံတူတွေများတယ်၊ ဆရာနဲ့က အရမ်းရင်းနှီးတော့ ဦးခင်မောင်ရင် နဲ့ သူ့ပန်းချီ ကားတွေအပေါ် အမြင်က ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ သူ ပန်းချီကို များများစားစားရေးတာက အင်ဂျင်နီယာ(ဗိသုကာပညာ)အောင်ပြီးတော့မှ များများ စားစား စရေးတာ၊ ထူးခြားချက်က ပန်းချီရဲ့ အခြေခံသဘောတရား ၊ သီအိုရီ၊ အတွေးအခေါ်၊ ကမ္ဘာ့ ပန်းချီ တွေကို နှံ့နှံ့စပ်စပ်ဖတ်တဲ့သူတယောက်၊ ပန်းချီစရေးကတည်းက ကိုယ်ဘာလုပ်မယ်၊ ဘာကြောင့်လုပ်တယ်၊ ဘာတွေလုပ်ပိုင်ခွင့်ရှိတယ်ဆိုတာကို ပြတ်ပြတ်သားသားနားလည်ပြီးမှ လုပ်သူဖြစ်နေတဲ့အတွက် အတော်ကို ထူးခြားတယ်၊ဘာကြောင့်လဲဆိုတော့ လူတိုင်းလူတိုင်းကိုယ်ဘာလုပ်မယ်ဆိုတာကို ပြတ်ပြတ်သားသား သိ ထားခဲတယ်၊ တဖြည်းဖြည်း နောက်မှသိတာများတယ်။
ခင်မောင်ရင်က အဲ့ဒီလိုမဟုတ်ဘူး၊ မရေးခင်ကတည်းက ပန်းချီနဲ့ပတ်သက်တဲ့ အသိပညာက အများကြီးကို ရှေ့ရောက်နေတာ၊ နောက်တချက်က တသက်လုံး ပန်းချီမရေးဘဲ မနေနိုင်တဲ့သူ အဲ့ဒါကြောင့် အရမ်းရေး တယ်၊ မြန်မာပန်းချီဆရာတွေထဲမှာ အများဆုံးပန်းချီရေးတဲ့သူကို ပြပါဆိုရင် ခင်မောင်ရင်ကို ပြရမယ်၊ ပန်းချီရေးတဲ့နေရာမှာ အဂတိကို အနည်းဆုံးကျင့်သုံးတယ်၊ သူများကြိုက်ပါ့မလားဆိုတဲ့ စိုးရိမ်တို့ အဂတိတို့ သောကတို့ အလွန်နည်းတယ်၊ သူကောင်းတယ်လို့ ထင်တာကိုပဲ တစိုက်မတ်မတ်ရေးတဲ့ပန်းချီဆရာ၊ ဘေး က ကောင်းတယ် မကောင်းဘူးထင်တာအပထား၊ သူ့ကို ချီးကျူးလို့လည်း သိပ်ဖြုံတဲ့ကောင်မဟုတ်၊ ရှုတ်ချလည်း ဂရုစိုက်တာမဟုတ်ဘူး၊ ရှားရှားပါးပါးပန်းချီ ဆရာ။
၁၉၆၃-၆၄ ခုနှစ်လောက်ကစပြီး ညီအစ်ကိုထက်မက ရင်းရင်းနှီးနှီးသိကြတာ၊ ထူးခြားတဲ့အတွက် ဒီကနေ့ လူငယ်တွေက သူ့ဆီမှာသွားပြီး ဆည်းပူးကြတယ်၊ ဆရာကြီးတဆူပဲ၊ ကျနော့်ထက် လပိုင်းငယ်တယ်၊ အသက်ပဲ ၇၄ နှစ်လောက်ရှိနေပါပြီ၊ အနုပညာသည် အတော်စစ်တယ်၊ အဲ့ဒါအရေးကြီးတယ်၊ အနုပညာ သည် အားလုံးက အစစ်ဖြစ်ချင်ကြတာပဲ၊ ဒါပေမယ့် ဆန္ဒတခုရှိဦးတော့ မလွယ်ဘူး၊ အရေးကြီးတာက အနု ပညာသည် အစစ်ဆိုတာ ဘာလဲလို့သိရမယ်၊ အဓိက အဲ့ဒီအတိုင်းကျင့်နိုင်ရမယ်၊ အဲ့ဒီ နှစ်ခုနဲ့ပတ်သက်လို့ သူက တော်တော်ညီညွတ်တယ်၊ ကောင်းကောင်းသိတယ်၊အနုပညာသည်အစစ်ဖြစ်အောင်ကျင့်နိုင်တယ်။
ပန်းချီနဲ့ပတ်သက်လို့ ဝေဖန်ရရင် သူ့ပန်းချီရဲ့အလှတရားက ဘာလဲဆိုတော့ ပန်းချီဆရာကိုယ်တိုင် အား ကောင်းတဲ့ ပန်းချီအနုပညာပေါ်မှာ ယုံကြည်မှု၊ သစ္စာရှိမှု၊ ရဲရင့်မှု၊ပြတ်သားမှု စတဲ့ အလှတရားတွေ သူ့ ပန်းချီ မှာပါပါတယ်၊လူပုံတွေ၊ ရှုခင်းတွေ ၊ စိတ္တဇတွေ ဘာကိုပဲ ရေးရေး အဲ့ဒီအလှတရားတွေပါနေတယ်၊ သူ့ရဲ့ သန့်စင် ကြည်လင်မှု၊ ရဲရင့်မှု၊ယုံကြည်မှု၊ သစ္စာရှိမှု၊ ရိုးသားမှုတွေပါနေတယ်၊ ဒါတွေက ပြောတော့သာ လွယ် တာ၊ လုပ်တော့အတော်ခက်တယ်၊ ဒီလိုမျိုး ကျနော်လည်း သူ့လောက်ရှင်းအောင်မလုပ်နိုင်ဘူး၊ အဲ့ဒီလို လုပ် နိုင်ဖို့ သူ့ရဲ့ဘ၀ချမ်းသာမှု အတော်များများကို စတေးရတယ်၊ သူက စတေးတယ်ဆိုတဲ့ စကားကို ဘယ် တော့ မှ ကြိုက်မှာမဟုတ်ဘူး၊သူက ဘာကိုမှ မစတေးဘူး၊ ငါလုပ်ချင်လို့လုပ်တာ၊ကြိုက်လို့လုပ်တာ ငါ့ဘ၀ ငါလက်ခံတယ် ဆိုတဲ အဲ့ဒီလိုလူမျိုး၊ ခင်မောင်ရင်ဆိုတာ အတော်မူကျတဲ့ ပုဂ္ဂိုလ်ပါ၊ မည်ကာမတ္တ ပုဂ္ဂိုလ် မဟုတ်ဘူး၊ ဒါ ကျနော်အနီးကပ်သိတဲ့ ခင်မောင်ရင်ပဲ။
မေး။ ။ အရင်က Abstract (ဒြပ်မဲ့)တွေဆွဲတာများတယ်၊ အခုနောက်ပိုင်းမှာ ပုံတူတွေဆွဲလာတယ်၊ အခု ပြပွဲ မှာဆိုရင်လည်း ကားပေါင်း ၃၀ ကျော်မှာ ပုံတူတွေကများတယ်၊ အဲ့ဒီပုံတူတွေမှာလည်း တ၀က်လောက် က ဒေါ်အောင်ဆန်းစုကြည် ပုံတွေများတယ်၊ နောက်ပြီး အိန္ဒိယ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဓီ၊ အဆို တော် ထူးအိမ်သင်၊ ပန်းချီ ဆရာပေါ်ဦးသက် တို့ပုံတူတွေ၊ အဲဒါကိုရော ဘယ်လိုမြင်ပါသလဲ။
ဖြေ။ ။ ခင်မောင်ရင်ရဲ့ အနှစ်သက်ဆုံး အကြိုက်ဆုံးက Abstract ပဲ၊ သူ့ဘ၀မှာ အလွတ်လပ်ဆုံး အလုပ်လုပ် တာပဲ၊ သူ လေးလေးနက်နက် နှစ်သက်တဲ့သူတွေရဲ့ပုံတွေကိုရေးတယ် ၊ အဲ့ဒီနေရာမှာလည်း လွတ်လွတ် လပ်လပ်ရေးတယ်၊ ပန်းချီဆရာတွေ အနေနဲ့ ပန်းချီပြပွဲတခုလုပ်ရင်၊ တခုလုံး ဟာမိုနီဖြစ်အောင် ဒီတခု တော့ ပုံတူတွေပဲ ပြမယ်ဆိုပြီးတော့ အကုန်လုံးညီညီညွတ်ညွတ်ရှိအောင်၊ စည်းလုံးမှုရှိအောင် လုပ်လေ့ လုပ်ထ ရှိတယ် ၊ ခင်မောင်ရင်ကလည်း ဒီပြပွဲမှာ ပုံတူတွေနဲ့ ညီညွတ်အောင် Unity ဖြစ်အောင် လုပ်ထား တယ် လို့ ဝေဖန်ပါရစေ။
ခင်မောင်ရင် တသက်လုံး အကြိုက်ဆုံးကတော့ Total Abstract ဖြစ်တယ်၊ သူ့လွတ်လပ်မှုကို အရမ်းလိုချင်ပြီ ဆိုရင်တော့ တခြားဘာမှမရေးတော့ဘဲ ဒါကို ရေးတော့တာပဲ၊ စိတ်ရူးပေါက်ပြီးရေးတာမဟုတ်ဘူး အလွန်ကို သိသိကြီးနဲ့ အသိတရားအပြည့်နဲ့ရေးတာ၊ ဒီလိုရေးတဲ့နေရာမှာ ဟန်ဆောင်လုပ်တာ၊ စတိုင်လုပ်တာတို့ရှိ ပေမယ့် ခင်မောင်ရင်က အဲ့ဒီလိုမဟုတ်ဘူး Abstract ပန်းချီ အစစ်ဖြစ်တယ်။ ။
မှတ်ချက်။ ။ ယခုအင်တာဗျူးတွင်ပါသော မော်ဒန် ပန်းချီဆရာ ခင်မောင်ရင်သည်လည်း မြန်မာ ခေတ်ပြိုင် ပန်းချီ နှင့် မော်ဒန်ပန်းချီ တည်ထောင်သူထဲ၌ တဦး အပါအ၀င်ဖြစ်ပြီး ရန်ကုန်မြို့တွင်နေထိုင်၍ မော်ဒန် ပန်းချီ များကို ဆက်လက် ရေးဆွဲလျက်ရှိသည်။
written by ညွန့်ရွှေ, January 24, 2010
တိုကျိုကနေ ဦးချကန်တော့လိုက်ပါတယ်။
မောင်ညွန့် (ဇဂျမ်း-ကန်မြဲ)
မောင်ညွန့် (ဇဂျမ်း-ကန်မြဲ)
written by Theingyi Pabedan, January 19, 2010
Saya U Win Pe is a bit of a polymath: he knows so much about music, cinema, painting and writing. His short stories, written in the 80s and 90s, were some of the best short stories written in Burmese. "Barafi", for example, was a wonderful satire on those who slowly got addicted to power (one can easily guess who those people might be!). His metaphors were second to none, and his Burmese was direct and fierce. What a shame that it is almost impossible to buy his books in Rangoon these days. In fact, it is amazing that his stories got past the censorship board in the first place. Some of the stories were translated into English by Anna Allott. I would love to be able to get hold of an anthology of his writings.
written by သက်ဦး, January 18, 2010
ကျနော်ငယ်ငယ်က ဆရာဦးဝင်းဖေ ရိုက်ကူးသော (မဟူရာ) ဆိုသည့် ရုပ်ရှင်ဇာတ်ကားကို ကြည့်ဖူးပါသည်။ ဦးထွန်းဝေ၊ ကောလိပ်ဂျင် နေ၀င်း၊ ကျော်ဟိန်း စသူတို့ ပါဝင်ပါသည်။ ပေါ်လစီနှင့် ညိသောကြောင့် နောက်ဆုံးခန်းကို ပြန်ရိုက်ရ သည်ဟု ကြားသိခဲ့ရပါသည်။ ကားကောင်း တကား ဖြစ်ပါသည်၊
written by မျိုးလွင်, January 17, 2010
ဆရာဦးဝ င်းဖေ အမေရိ ကားမြှာ ကည်နူးမှု၊ လွတ်လပ်မှုအပြည့်နဲ့အချိန်ပြ ည့်ပန်းချီဆရာဘ ဝကိုရယူနိုင်ခဲ့တဲ့ အတွက်၊ဆရာ့အ တွက်ဝ မ်းသာမိပါ တယ်၊ဖေါ်ပြေ ပးတဲ့ဧရာဝတီကိုလည်းေ ကျးဇူတင်ပါတယ်၊ ကျွန်တော်က ImpressionကနေAbstract ကိုပြောင်းရေးနေတော့ ဆ ရာဦးခင်မောင်ရင်ရဲ့Abstract ကားတွေကိုကြည့် ချင်လာတယ်၊ ဆရာ(ဦး)မောင်ဩရဲ့Abstract ကားေ တွကိုလည်း ကြိုက်တယ်၊ Impression ဆိုရင်တော့ ဆရာလွန်း (ဦးလွန်းကြွယ်)Impression နဲ့ Realism ပေါင်းရေးတဲ့ ဧရာဝတီကကိုဟန်းလေး ပန်ချီကား တွေကိုလည်း ကြိုက်ပါတယ်။
Write comment
















ဦးချ ကန်တော့လိုက်ပါသည် ဆရာခင်ဗျား