လူပုံပါးပါး စိတ်ဓာတ်မာမာ ရေးချက်ထည်ထည်ဝါ

E-mail Print
သူ့ရဲ့ လက်ကို ကိုင်ကြည့်ရင် အိမ်မြှောင်လို နူးညံ့နေတာ တွေ့ရပါလိမ့်မယ် ဟူသော အရေး အသားကြောင့် ထိုစာအုပ်ကို လက်က မချတမ်း ဖတ်ဖြစ် သွားခဲ့သည်။ ပန်းချီ မောင်မောင်သိုက်က “လူပုံပါးပါး၊ စိတ်ဓာတ်မာမာ၊ ရေးချက်ထည်ထည်ဝါ” ဆိုသော ပန်းချီဝသုန် အမှတ်တရ ထုတ်ဝေသည့် စာအုပ်ထဲတွင် အထက်ပါအတိုင်း ရေးဖွဲ့ထားခြင်းဖြစ်သည်။

စာနယ်ဇင်း ပန်းချီဆရာ အမှတ်တရ စာအုပ်ဖြစ် သောကြောင့် ဖြစ်မည်၊ ပါဝင်ရေးသား သူတို့က အရောင် အသွေး စုံလင်လှ၏။ တချို့က ပန်းချီဆရာ၊ တချို့ ကာတွန်းဆရာ၊ တချို့က စာရေးဆရာ၊ တချို့ အယ်ဒီတာ၊ သတင်းစာ ဆရာ၊ တချို့ကျတော့ ရုပ်ပြရေးသူ၊ ကဗျာဆရာ များလည်း ပါသည်၊ ဗေဒင်ဆရာပင် ပါလိုက်သေးသည်။

စုစုပေါင်း စာရေးသူ ၃၉ ဦးတို့၏ အမှတ်တရ စာစုများဖြင့် ဝသုန်ဆိုသူကို မှုန်းခြယ်ထားခြင်း ဖြစ်သည်။ သူ ပန်းချီ လောကသို့ စဝင်ခါစ ၁၆ နှစ်သား အရွယ်မှ စ၍ သူကွယ်လွန်ချိန် ၆၁ နှစ်အရွယ် သူ့ နောက်ဆုံး အချိန်အထိ သူနှင့် ထိစပ်ခဲ့သူများက ရေးသားခဲ့ခြင်း ဖြစ်သည်။

ပန်းချီဝသုန် အမှတ်တရ ဆိုတော့ ပန်းချီဝသုန်ကို ကောင်းချီးသြဘာပေး၊ ချီးမြှောက်ကာ လွမ်းဆွတ်တမ်းတမှုများသာ ရေးလိမ့်မည် ဟု ထင်ထားသမျှ တက်တက်စင်အောင်လွဲပါသည်။ ဤစာအုပ်ဖြင့် ပန်းချီဝသုန်ဆိုသည်မှာ ဘယ်လိုလူ ဆိုသည်ကို ပုံဖော်နိုင် သကဲ့သို့ ပန်းချီဝသုန်ဖြတ်သမ်းခဲ့သည့် ရုပ်ပြခေတ်၊ စာနယ်ဇင်းခေတ်များကို မြင်တွေ့ခွင့်ရသည်။ ထို့အပြင် ပန်းချီဝသုန်၏ ဆရာများ၊ တပည့်များ၊ ရောင်းရင်းများဖြစ်ကြသော စာပေ၊ ပန်းချီ လောကသားတချို့၏ စိတ်နေစိတ်ထား၊ သဘာဝ၊ သူတို့နှင့် ဆက်နွှယ်ခဲ့သည့် ဇာတ်လမ်းများကိုလည်း ဤစာအုပ်ကပင် လှစ်ဟ ပြထားသည်။

ဤစာအုပ်ထဲတွင် ပန်းချီဝသုန်မဖြစ်ခင် ကနဦးအစ ကာတွန်းပေါက်စ မောင်ခင်လှ အကြောင်း တော်တော်များများ တွေ့ရသည်။ အသက် ၁၆ နှစ်အရွယ်ကတည်းက ကာတွန်းနှင့် သရုပ်ဖော်ပုံများရေးဆွဲနေသော မောင်ခင်လှသည် ထိုစဉ်က သခင် ကိုယ်တော်မှိုင်း၏ လေးချိုးကြီး သရုပ်ဖော်ပုံများကို သတင်းစာတွင် ရေးဆွဲခဲ့သည်။ ထို့အတွက် ချီးကျူးသူများ၊ ပြစ်တင်သူများ များစွာရှိခဲ့သည်။ ထို သရုပ်ဖော်ပုံများဆွဲပြီး နောက်ပိုင်းတွင် သူ ကာတွန်းမရေးတော့ဘဲ ပန်းချီသရုပ်ဖော်ပုံကိုသာ ဆွဲတော့သည်။

သူနှင့်ရေးဖော်ရေးဖက်က ကာတွန်း တင်အောင်နီဖြစ်သည်။ ကျမ အလွန်နှစ်ခြိုက်ခဲ့သော ပြာလောင် ကာတွန်းများ၏ ဖခင် ကာတွန်းတင်အောင်နီ ဘယ်က ဖြစ်လာသလဲ ဆိုသည်ကို တွေ့ရသည်။ ဘုရားပွဲဈေးများတွင် ပို့စ်ကတ်များ ရေးကာ လိုက်လံ ရောင်းချ၍ ပွဲဈေးတန်းတွင်ပင် အိပ်၊ စားရင်း သူတို့၏ ပန်းချီ၊ ကာတွန်း ဘဝခရီးကို ခက်ခက်ခဲခဲ ဖြတ်သမ်းခဲ့ရကြောင်း “တင်အောင်နီကို ဖြစ်စေသူ” အမည်ဖြင့် ကာတွန်းတင်အောင်နီက ရေးထားသည်။

ပန်းချီဝသုန် ဆိုသည်မှာ မဂ္ဂဇင်းသရုပ်ဖော်ပုံများကို စိုက်လိုက်မတ်တပ် ရေးဆွဲခဲ့သူ၊ ရောင်းကုန် ပန်းချီကားများ ဟောတကား ဟောတကား ထုတ်နိုင်သော်လည်း၊ ထိုသို့ ထုတ်လုပ်လျှင် နိုင်ငံခြားငွေ သောက်သောက်လဲ ရနိုင်သော်လည်း ပန်းချီကားထက် သရုပ်ဖော်ပုံများကိုသာ ယုံယုံကြည်ကြည်ဖြင့် ဆွဲခဲ့သူဖြစ်ကြောင်း ထိုစာအုပ်က ပြောသည်။

ချစ်ဦးညို၏ ဝတ္ထုကို ရှုမဝမဂ္ဂဇင်းတွင် အခန်းဆက်ရေးခဲ့သည့် လင်္ကာဒီပချစ်သူ ရုပ်ပြကတော့ ပန်းချီဝသုန်၏ ဘဝကို တဆစ်ချိုးကွေ့စေခဲ့သည်။ မြန်မာရုပ်ပြသမိုင်းတွင် အလွန် ခမ်းနားသောရုပ်ပြဟု ဆိုရမည်။ လုံးချင်းထုတ်သော အခါတွင်လည်း အကြိမ်ကြိမ် ရိုက်နှိပ်ထုတ်ဝေခဲ့ရပြီး တောင်ဥက္ကလာပရှိ သူ့အိမ်ကလေးကို ထိုရုပ်ပြထုတ်ဝေခဖြင့် ဝယ်သည်ဟု သိရသည်။ ထိုစဉ်က ရှုမဝတိုက်တွင်ပင်ထိုင်ကာ ရုပ်ပြဖောင်များ မပြီးမချင်း ညမအိပ်တမ်း ဆွဲခဲ့ရသည်ကိုလည်း ဤစာအုပ်တွင် မှတ်တမ်း တခုအနေဖြင့် သိမှတ်ခွင့်ရသည်။

ကျမကတော့ ပေဖူးလွှာ မဂ္ဂဇင်းတွင် သူ တဝက်တပြက်ရေးခဲ့သော ဆရာချစ်ဦးညို၏ “ချစ်သောပါဒဧကရီ” ရုပ်ပြကိုလည်း စွဲမက်သည်။ ဝတ္ထုထဲက ပန်းချီဆရာလေး ဒီပါကို ဆရာဝသုန်၏ ရေးချက်ဖြင့် ဒီနေ့ထိ မြင်ယောင်နေဆဲ ဖြစ်သည်။ ချယ်ရီ မဂ္ဂဇင်းတွင် လစဉ်ပါခဲ့သည့် ဆရာကြီးရွှေဥဒေါင်း၏ ဦးစံရှားဝတ္ထုများကို သူ ရုပ်ပြရေးတော့လည်း “ဦးစံရှား ဆိုတာ ဒီလိုပုံပဲ ဖြစ်မည်” ဟုပင် ထင်ခဲ့ဖူးသည်။

ချစ်သောပါဒဧကရီ၏ နောက်ဆက်တွဲကို ကျမ မသိ၊ ထို့အတူ စာဖတ်သူ တော်တော်များများလည်း သိမည်မထင်။ အခု ပန်းချီဝသုန် အမှတ်တရ စာအုပ်တွင်တော့ ရုပ်ပြရေးသည့် မင်းတင်လှိုင်က ထို နောက်ဆက်တွဲအကြောင်း အနည်းငယ်  ဖော်ပြထားသည်။

မောင်ကိုကို (အမရပူရ) ၏ “ဝသုန်ကောက်ကြောင်း” တွင်တော့ ပန်းချီဝသုန်၏ အနေ ရိုးသား၊ ရောင့်ရဲမှုကို တွေ့ရသည်။  စာရေးဆရာက ဒါရိုက်တာ ကြည်ဖြူသျှင် ရိုက်ကူးဆုရခဲ့သည့် “Sketch of Wathone” ကို ကြည့်ကာ ခံစားရေးဖွဲ့ထားခြင်း ဖြစ်သည်။

ပန်းချီဝသုန် ဖြတ်သမ်းလာခဲ့သည့် ခေတ်အဆက်ဆက် စာနယ်ဇင်းလောက အခြေအနေ တစေ့တစောင်းကို သိချင်လျှင် ဤစာအုပ်နှင့်ပင် ပြည့်စုံသည်ဟု ဆိုရပေလိမ့်မည်။ စာအုပ်တန်ဖိုး ကျပ် ၂၅၀၀၊ ၂၀၀၉ အောက်တိုဘာလတွင် ဤစာအုပ်ကို သင်း စာပေက ထုတ်ဝေသည်။ မျက်နှာဖုံးကတော့ ပန်းချီဝသုန်၏ပုံတူကို ပန်းချီမောင်မောင်သိုက်က သရုပ်ဖော် ရေးဆွဲထားသည်။

ပန်းချီဝသုန်၊ ပန်းချီကျော်သောင်း၊ ပန်းချီမောင်မောင်သိုက်၊ ပန်းချီညိုလှ၊ ပန်းချီတင်လှဝင်းထင်၊ ပန်းချီဇော်မင်း စသည်ဖြင့် ခေတ်ပြိုင် စာနယ်ဇင်း ပန်းချီဆရာများစွာရှိခဲ့သည်။ ကာတွန်းငွေကြည်လည်း ကာတွန်းသာမကဘဲ ပန်းချီပါဆွဲသည်။
စာနယ်ဇင်း သရုပ်ဖော်ပုံများသာမကဘဲ ရှုမဝ၊ မြဝတီ၊ ငွေတာရီ ခေတ်က မဂ္ဂဇင်း မျက်နှာဖုံးများပါ ရေးဆွဲကြသည်။
ထိုစဉ်က ယခုကဲ့သို့ ကွန်ပျူတာခေတ်မဟုတ်။ အော့ဖ်ဆက်ပုံနှိပ်ခေတ်ဖြစ်သောကြောင့် အရောင်ခွဲသည့်နေရာတွင် မူရင်းအရောင်အတိုင်း ဖြစ်စေရန် ပညာသားပါပါ ရေးဆွဲခဲ့ကြရသည်ဟု သိရသည်။

ကျမတို့ မောင်နှမများ ငယ်စဉ်က ထို မဂ္ဂဇင်းများ၏ မျက်နှာဖုံးပုံများ၊ အတွင်းသရုပ်ဖော်ပုံများကို လက်မှတ်မကြည့်ဘဲ ပန်းချီဆရာ ဘယ်သူ ဆိုသည်ကို အမေးအဖြေလုပ်တမ်း ကစားကြဖူးသည်။ ကျမအတွက်တော့ တခြားပန်းချီဆရာများ မှားချင်မှားမည်၊ ဆရာဝသုန်တော့ ဘယ်တော့မှမမှား၊ ၁၀ နှစ်ကျော် အရွယ်လောက်ကတည်းက သူ့ကို သိနေပြီ။

ဤစာအုပ်တွင် ပန်းချီဆရာများ ရေးသည့်စာကို ဖတ်ရသည်မှာ ပန်းချီကားချပ်ကို ကြည့်ရသလို ဝသုန်ကောက်ကြောင်း တစေ့တစောင်း ပီပြင်လှသကဲ့သို့ အယ်ဒီတာ၊ သတင်းသမားများ ရေးသည့်စာကို ဖတ်ရသည်မှာလည်း သတင်းဓာတ်ပုံ ကြည့်နေရသလို၊ သတင်းဖတ်နေရသလို ပန်းချီဝသုန်အကြောင်း တည့်တည့် မြင်ရသည်။

မြဝတီမဂ္ဂဇင်း တာဝန်ခံ အယ်ဒီတာဟောင်း ဦးကောင်းညွန့်က ပန်းချီဆရာကြီးများအကြောင်း မြဝတီမဂ္ဂဇင်းတွင် အခန်းဆက် ရေးသားခဲ့စဉ် သူသိသော ပန်းချီဆရာကြီးများအကြောင်း အရင်ရေးသားဖော်ပြဖြစ်ခဲ့သည်။ သူနှင့်မရင်းနှီးသည့် ဆရာကြီး ဦးသောင်းဟန် အကြောင်း ကျန်နေသေးရာ ဆရာဝသုန်က တလ ဝင်ရေးခွင့်ပြုဖို့ ပြော၍ ရေးပေးခဲ့ဖူးသည်။ ထိုစဉ်က ကောင်းညွန့်၏ လစဉ် ပန်းချီဆောင်းပါးများကြားတွင် ပန်းချီဝသုန်၏ လက်ရာ တလဝင်ပါခဲ့သည်။ ထိုအကြောင်းကို ဆရာကောင်းညွန့်က “အဝေးကသာ ဖတ်လိုက်ပါတော့” ဟု ရေးသားထားသည်။

နံနက်ခင်း အယ်ဒီတာချုပ်၊ ထုတ်ဝေသူ ဇန်ဇန်၏ “ပန်းချီ ဝသုန်အတွက် အမှတ်တရ စကက်ခ်ျ” တွင်တော့ ဝသုန်၏ ပန်းချီ များထက် စာလုံးဒီဇိုင်းများအကြောင်း တွေ့ရသည်။ သူက သူ့သရုပ်ဖော်ပုံတိုင်းတွင် သူ့စာလုံးဒီဇိုင်းနှင့် တခါတည်း ဝတ္ထု၊ ဆောင်းပါးအမည်၊ စာရေးဆရာအမည်တို့ကို ရေးထည့်ပေးလေ့ရှိသူ။ ကွန်ပျူတာခေတ်၊ လွယ်ကူလှချိန်တွင်ပင် သူက လက်နှင့် စာလုံးဒီဇိုင်းဆွဲသူ။ ဇန်ဇန်က ပင်ပန်းမည် စိုးသောကြောင့် ရေးမပေးဖို့ ပြောသည်ကိုပင် လက်မခံ။ ဇန်ဇန့်ကို “မင်း ဘာဖြစ်နေ တာလဲ” ဟု ပြန်ဆူလိုက်သေးသည်။ စာရေးဆရာ ညီပုလေးကလည်း မန္တလေးမှနေ၍ ဆရာကြီးရွှေဥဒေါင်း၏ “ရန်ကြီးအောင် ဝတ္ထု” မျက်နှားဖုံးအတွက် ပန်းချီဝသုန်ထံ လှမ်းအပ်ရာ စာလုံးဒီဇိုင်းကို ပန်းချီဆရာအား မရေးခိုင်းတော့ဘဲ ကွန်ပျူတာနှင့် အတတ်နိုင်ဆုံး အကောင်းဆုံးဟု ထင်ရသည့် စာလုံးကို ထည့်သွင်းလိုက်သည်။ သို့သော် ပန်းချီဝသုန် သိပ်မကျေနပ်လှဟု သူ့ “လူပုံပါးပါး စိတ်ဓာတ်မာမာ” စာစုတွင် ဖော်ပြသည်။

“ကိုဝသုန်သရုပ်ဖော်တာနဲ့ လိုက်လျောညီထွေဖြစ်အောင် တတ်စွမ်းသမျှ ကြိုးစားရေးပေးလိုက်တာပါပဲ။ ဒါပေမယ့် ဘယ်နေရာမှာ လွဲချော်သွားတယ်မသိဘူး။ ကိုဝသုန်က မကျေလည်ဘူးတဲ့။ တိုက်ရိုက်ကြားရ တာတော့မဟုတ်ဘူး။ တဆင့်စကား ပြန်ကြား ရတာလေ။ သူ မကျေလည်ဘူး ဆိုတာ မဟုတ်ပါစေနဲ့” ဟု ညီပုလေးက ရေးသားထားသည်။

အနုပညာနှင့် ပတ်သက်လျှင် ခေါင်းမာသူ၊ မာနကြီးသူ ဆရာဝသုန်သည် သူငယ်ချင်း ရောင်းရင်းများအပေါ်တွင် ချစ်ဆိုး ဆိုးတတ်သေးသည်။ သူ ယမကာ မှီဝဲထားချိန်တွင် မသောက်တတ်သူတို့ သူ့အနားက ထွက်ပြေးရသည်ချည်း ဟု သိရသည်။ တရက် စာရေးဆရာ မြင့်မောင်မောင်နှင့် ဝသုန်တို့နှစ်ဦး စာရေးဆရာနတ်နွယ်ဆီ ညဘက်ကြီးရောက်လာကြသည်။ ဆရာဝသုန်က ကောက်ညှင်းကျည်တောက် တချောင်းပေးသွားသည်။ နောက်မှ သိရတာက သူတို့ မူးနေကြသည်။ ဆရာနတ်နွယ်ကို ရိုက်ဖို့ တက်သွားကြခြင်း ဖြစ်သည်တဲ့။ ဟိုရောက်တော့ မရိုက်ဘဲ ဘာကြောင့် ကောက်ညှင်း ကျည်တောက်ပေးခဲ့သလဲ ဘယ်သူမှ မပြောနိုင်ခဲ့။

နွယ်နီမဂ္ဂဇင်း ထုတ်ဝေသူ အယ်ဒီတာတဦးလည်း ဖြစ်သူ ဆရာနတ်နွယ်က သူ့ကို “ကြာဝသုန်” ဟု ကျီစယ်သည်။ ပန်းချီပုံအပ်လျှင် ကြာလွန်းလို့ ဟုဆိုသည်။ သို့သော် သူ့ကို ပုံအပ်သူအားလုံး ကြာလွန်းသောကြောင့် စိတ်ညစ်ရသော်လည်း သူ့ ပုံရောက်လာလျှင် ကျေနပ်ပီတိ ဖြစ်ရသည်ချည်းဟု သိရသည်။

အနုပညာရှင်တယောက် သူ့အနုပညာကို စိတ်ချမ်းချမ်းသာသာနှင့် နောက်ဆံမတင်းဘဲ လုပ်နိုင်ဖို့အတွက် နောက်ကွယ်က ပံ့ပိုးသူ အိမ်ထောင်ဖက်သည်လည်း အလွန်အရေးကြီးလှသည်။ ဆင်းရဲချမ်းသာ ဒိုးတူပေါင်ဖက် ဆိုသည်ထက် အနုပညာသမား၏ ရူးသွပ်မှုဒုက္ခများကို မျှဝေခံစားနိုင်ဖို့ ဆိုသည်မှာ ထိုအနုပညာရှင်ကို တော်တော်လေး ချစ်မှ၊ လေးစားမှ ဖြစ်မည်ထင်သည်။

ဆရာဝသုန့် ဇနီးသည် ဒေါ်စန်းဧနှင့်ပတ်သက်၍ ပန်းချီမောင်မောင်သိုက်က “ကိုဝသုန်ပြန်လာလို့ လဲနေရင်၊ လဲနေတဲ့ နေရာမှာ ခြင်ထောင် ထောင်ပြီးသားပါပဲ၊ လှေခါးဝမှာလဲရင်၊ အိမ်လယ်ခေါင်လမ်းပေါ်၊ မီးဖိုချောင်မှာ၊ ဘယ်နေရာမှာပဲ လဲနေနေ မစန်းဧက ခြင်ထောင် လိုက်ထောင်ပြီးသားဖြစ်နေရမယ် ဆိုတဲ့ ဇနီး” ဟု ဖော်ပြသည်။

ဒီစာအုပ်က ဝသုန့်အကြောင်း ဆိုတာထက် ဝသုန်အပါအဝင် ဝသုန်၏ ပတ်ဝန်းကျင်၊ ဝသုန်၏ လောက၊ ဝသုန်၏ စိတ်ဓာတ်၊ ဝသုန့်နားက လူများ အကြောင်းဟု ဆိုရမည်ထင်သည်။ ဆိုခဲ့သလို ဝသုန့်အကြောင်း ကောင်းတာတွေချည်း ဆိုတာမျိုး မဟုတ်ဘဲ သူ့ ဆိုးကွက်ကလေးများလည်း ပါသည်။ အဆိုးကို ရေးသည်ဆိုရာ၌ မုန်းသူ၏ အဆိုးကို ရေးသားခြင်းမျိုးမဟုတ်ဘဲ ချစ်သောသူ တယောက်၏ ဆိုးကွက်များကို ကျေကျေနပ်နပ် ပြန်ပြောင်းအောက်မေ့ကြခြင်းဟု ထင်သည်။

ပန်းချီမောင်မောင်သိုက်ကပဲ သူ့စရိုက်နှင့် ပတ်သက်၍ “ဧည့်ခံပွဲတခုမှာ မစို့မပို့ဧည့်ခံတဲ့သူတွေဆိုရင် သူပြောပြီ .. “နာဠာဂီရိတွေကို ရှာလပတ်ရည် လာတိုက်နေတယ်” ဆိုတာမျိုး … အမြည်းတွေလာချတော့လည်း ခဏလေး ပြိုက်ခနဲ ကုန်သွားရင် “ဟာ ခင်ဗျားတို့ကလည်း ဝေသာလီပြည် ဘီလူးဝင်တာ ကျနေတာပဲ” လို့ ပြောတတ်တာလည်း သူပါပဲ … သူ အဲဒီလို ပြောတတ်တာလေးတွေကိုပဲ ကျနော်တို့သူ့ကို ချစ်ခင်နေကြတာ ဖြစ်မယ်”  ဟုရေးထားသည်။

ပန်းချီဆရာ အမှတ်တရ ဆိုတော့ ပန်းချီများ ဖောဖောသီသီသုံးကာ စာအုပ်ကို ပြင်ဆင်ထားသည်။ စာ တပုဒ်ချင်းစီ၌ ပန်းချီဆရာ တဦးစီ ရေးဆွဲထားသော ပန်းချီဝသုန့် ပုံတူ၊ ကယ်ရီကေးချား၊ စကက်ခ်ျများ၊ တချို့စာများတွင် ပန်းချီဝသုန်ရေးသည့် ပန်းချီကား၊ သရုပ်ဖော်ပုံများကို အဖြူ၊ အမည်းနှင့် ဖော်ပြထားသည်။ လောလောလတ်လတ် ရွှေအမြုတေ မဂ္ဂဇင်းတွင် ဆရာနေဝင်းမြင့် အခန်းဆက် ရေးသားနေသည့် “ရေကန်သာ ကြာတိုင်းအေး” ဝတ္ထုအတွက် ဆရာဝသုန် ဆွဲထားသည့် သရုပ်ဖော်ပုံများကိုတော့ လေးရောင်သုံးကာ ဖော်ပြထားသည်ကို တွေ့ရသည်။ ပန်းချီဝသုန်၏ ဈာပနမှတ်တမ်း ဓာတ်ပုံများလည်း တွေ့ရသည်။

ဆရာဝသုန်က ပန်းချီဆွဲရာတွင်သာမကဘဲ ဝတ္ထုတိုလည်း အရေးကောင်းသူဖြစ်သည်။ သူ ဝတ္ထုတို ပေါင်းချုပ် ၂ အုပ်ထုတ်ခဲ့သည်။  ဒီစာအုပ်ထဲတွင်တော့ ဝသုန့်လက်ရာ ဝတ္ထုတို ၂ ပုဒ်ဖတ်ရသည်။ တပုဒ်က “နတ်ရေတွင်း”။ သူ့အချစ်ဆုံး အငယ်ဆုံး သမီး အင်ကြင်းမွှေး မွေးခါစ နီတာရဲလေး အကြောင်းနှင့် သူ့သားလတ် မျိုးထွန်း၏ သား၊ သူ့မြေးဦးမွေးသည့်အချိန်တွင် ခံစားရသည့် ခံစားချက်ကိုနှိုင်းယှဉ် ရေးသားထားခြင်းဖြစ်သည်။ မကုန်မခမ်းနိုင်သည့် မိဘမေတ္တာ၊ အဘိုးအဘွားမေတ္တာများကို နတ်ရေတွင်းနှင့် နှိုင်းယှဉ် ထားခြင်း ဖြစ်သည်။

နောက်တပုဒ်ကတော့ ကျမ သိပ်ကြိုက်သည်။ မြန်မာနိုင်ငံ၏ ရော့ခ် ကြယ်ပွင့်ကြီးတဦးဖြစ်သူ မင်းမင်းလတ်နှင့် ပတ်သက်၍ “မာရှယ်လ်လတ်” ဟူ၍ ဖြစ်သည်။ သူနှင့် မင်းမင်းလတ်က ငယ်သူငယ်ချင်းတွေ၊ မာရှလ်လ်လတ် ဆိုတာက မင်းမင်းလတ် ငယ်နာမည်။ အစစ အရာရာ စောနေခဲ့သော မင်းမင်းလတ်နှင့် ပတ်သက်၍ မချိတင်ကဲ ရေးထားသည်။ မင်းမင်းလတ်က ဂီတ၊ အနုပညာနှင့် စီးပွားရေး အမြင်သာမကဘဲ ကွယ်လွန်ချိန်လည်း စောခဲ့သည်ကိုး။

ဤစာအုပ်ကို စုန်းပြူး လုံးဝမပါသည့် စင်းလုံးချော ဟုတော့ မဆိုနိုင်ပါ။ တချို့သောသူတို့၏ ဝသုန်ကောက်ကြောင်း များထဲတွင် မဆိုစလောက်သော မိမိကိုယ်မိမိ ဈာန်းတင်ရေးသားမှုကလေးများ ပါဝင်သည်ကို တွေ့ရသည်။ သို့သော်လည်း ဆွမ်းဆန်ထဲ ကြွက်ချေးရောဆိုသလို ထင်းထင်းကြီးပေါ်နေသည်တော့ မဟုတ်ပါ။ ခွင့်လွှတ်နိုင်သည့် အနည်းငယ်မျှသော အတ္တ ကလေးများဟု ဆိုနိုင်ပါသည်။

“လူပုံပါးပါး စိတ်ဓာတ်မာမာ ရေးချက်ထည်ထည်ဝါ” ဆိုသည့် စာအုပ်အမည်သည်ပင် ဝသုန်ဖြစ်ပါသည်။ ဤစာအုပ်တွင် ပါဝင် ရေးသားထားသည့် တက္ကသိုလ်တင်ဟန်ကျော်က သော်ဒီဝေ၏ ကဗျာတပုဒ်ကို ဖော်ပြထားသည်။ ကျမကလည်း ထိုကဗျာဖြင့်ပင် ဤ စာအုပ်အညွှန်းကို အဆုံးသတ်ချင်ပါသည်။ ကဗျာအမည်က “ဗင်းဆင့်ဗန်ဂိုးရဲ့ ဆက်သွယ်ရေးလုပ်ငန်း” ဖြစ်သည်။

တခါတုန်းက
ခင်ဗျားကိုင်တဲ့ ဟန်းဖုန်းမျိုး
ဗင်းဆင့်ဗန်ဂိုးဆီမှာ မရှိခဲ့ဖူးဘူး။

ဒါပေမယ့်
သူချစ်တဲ့ သူ့ကောင်မလေး
ပြောချင်ရာ ပြောဖို့ဆိုပြီး
သူ့နားရွက်ကလေးတဘက်ကိုတော့
လက်ဆောင်အဖြစ်
ဖြတ်ပေးခဲ့ဖူးရဲ့။

တခါတုန်းက
ခင်ဗျားစီးနေတဲ့
မော်တော်ကားလှလှ တစီးမျိုး
ဗင်းဆင့်ဗန်ဂိုးမှာ မရှိခဲ့ဖူးဘူး။

ဒါပေမယ့်
ခင်ဗျားစိတ်ကူးတွေ
လမ်းလျှောက်နိုင်အောင်လို့ဆိုပြီး
ဆိုက်ပရပ်စ်ပင်တွေနဲ့
လမ်း ပန်းချီကားကိုတော့
လက်ဆောင်အဖြစ် ခင်ဗျားအိမ်ရဲ့ နံရံဖြူဖြူပေါ်မှာ
ရေးခြစ်ထားခဲ့လေရဲ့။        ။

ပန်းချီဝသုန်သည် ၂၀၀၈ အောက်တိုဘာ ၂၁ ရက်နေ့တွင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည်။ လူသေသော်လည်း နာမည်နှင့် အနုပညာ မသေသော သူတယောက်ဖြစ်ကြောင်း ဤစာအုပ်က သက်သေတခု ဖြစ်ပါသည်။

Comments (3)Add Comment
0
Dear Wathon, may you rest in peace
written by Maung Maung Kyaw Win, February 13, 2010
I had come to know a German art dealer whose object was to collect works of Burmese contemporary artists. To recall my memory, I remember I took him to Wathon house as this guy wanted to know one of the well known Burmese artists that happen to be my close friend. We arrived a small cottage in South Okkalapa where we were cordially welcomed by Wathon. The art dealer was very much surprised when he saw oil and water works of Wathon and he could not help admired Wathon. Thereby, I suggested the German that it would be very nice if Wathon join us in our mutually benefit business and the German art dealer felt so happy when my friend gladly accepted his offer. Later, the German sent a letter to Wathon saying that he want to do business with him and clearly mentioned in his letter that he wants to leave me out of the joint venture. But Wathon came to my house and showed me the letter he had received from the German. He also said without me he is out of the business to be engaged with the German. Wathon also asked me a favor to reply back to German that he is not interested any more regarding the joint venture. I replied to the German and the joint venture had never been realized thereafter and the German art dealer disappeared since then. We love Wathon because of his honesty and modesty apart from his philosophical thoughts he used to express whenever we met at his house or at a certain bar. Indeed he had also a talent in writing. While I was taking responsible in bringing out the popular Cherry monthly magazine I had used most of Wathon’s illustrations for the stories, short and long . I remember I gave one of his illustrations to Khet Mar who is now in the States. Her husband is also my friend, an artist and magazine illustrator Than Htay Maung. She asked me the illustration of her story saying that she admires Wathon so much and she would like to keep his work as a treasure. Now alcohol has taken his life. Death has separated us from him forever. But, we will always remember you Wathon. May you rest in peace.
0
လွမ်းမောဖွယ်ရာ ရန်ကုန်မြို့တော်က ပန်းချီလောက
written by မျိုးလွင်, January 30, 2010
ဒီဆောင်းပါးကို ဖတ်လိုက်ရတာ အတိတ်က ပန်းချီလောကကိုခဏ ပြန်ရောက်သွားသလို ခံစားရတယ်၊ ဆရာဝသုန်ဟာ ကျွန်တော်ပန်းချီ ကျောင်းသားဘဝက ကျွန်တော်နှင့်တကွ Fineသမား သူငယ်ချင်းတချို့ အတွက် Heroပဲ

ဆရာ ဝသုန်ရဲ့water color ရေးချက်တွေကို အရမ်းကြိုက်တာရော သမားရိုးကျ ဆန်ပြီး တင်းကြပ်တဲ့ပန်းချီ ပန်းပု ကျောင်းကြီးကို ရွဲ့တာချင်းလဲ တူလို့ပါ(ဆရာအားလုံးကိုတော့ ကန်တော့ပါသည်) နောက် စာနယ်ဇင်းလောက ပန်းချီဆရာထဲက ဆရာကျော်သောင်း၊ ဆရာမျိုးမြင့်။ အဲဒီ ခောတ်ကGallaryတွေ သိပ်မရှိ ပန်းချီကား ရေးပြီး ရောင်းတာတွေ နည်းသေးတော့ စာနယ်ဇင်းလောကထဲ တိုးပြီး နာမည်လေး တလုံးရဖို့ အရေးသည် ပန်းချီကျောင်းဆင်းတွေရဲ့ အဓိက ရည်မှန်းချက်ပါ။ ဆရာဝသုန်နဲ့ ပန်းချီကျောင်း အတူဆင်းတွေ ဖြစ်တဲ့ ဆရာကျော်သောင်း၊ ကာတွန်းငွေကြည်၊ ရွှေမင်းသား ကျနော့်ဆရာ လူမင်းတို့ ဆုံသည့် စကားဝိုင်းသည် နားထောင်၍ အလွန် ကောင်းပါသည်၊ပန်းချီအနုပညာရှင် ဘဝသည် မချမ်းသာသော်မှ အလွန်ကြည်နူး အေးချမ်း၍ ပျော်ရွှင်ဖွယ် ကောင်းသောဘဝ ဖြစ်ပါသည်၊(ယခုခောတ်တော့ မသိပါ)
0
ဝမ်းနည်းစွာနဲ့ နှမျော တသကြောင်း။
written by Tuu Mar, January 30, 2010
၁၉၇ဝ နဲ့ ၈ဝ ခုနှစ် များတုန်းက စာရေး ခဲ့ဘူးတဲ့ စာရေးသူ တယောက်က ပြောဘူးတယ်။
သူမ ရေးတဲ့ ဝတ္ထုတိုတွေ မဂ္ဂဇင်း တွေမှာထဲ့ရင် ဘယ်နေရာမှာ (မဂ္ဂဇင်း ရှေ့၊ အလယ်၊ နောက်) ဆိုတာထက် ဘယ်သူက သရုပ်ဖေါ်ပုံ ဆွဲမလဲ အရင် မေးတတ်တယ် တဲ့။ ပန်းချီ ဝသုန်ရဲ့ ပုံနဲ့ဆိုရင် ဟိုး နောက်ဆုံးမှာ ထည့်လဲ ရတယ် ပြောခဲ့ဘူး သတဲ့။ လုံးချင်းတွေ ထုတ်တော့ တနှစ်မှ တအုပ် အနိုင်နိုင် ထွက်ခဲ့တာ ကို သူ စာရေးနှေးတာ ဝန်မခံပဲ၊ အဲဒါ ဦးဝသုန် ကြောင့်ပေါ့၊ သူ ပုံဆွဲနှေးလို့ ကျွန်မ စာအုပ် အထွက်ကြဲတာ လို့ ပြောင်စစ နောက်ပြောခဲ့ဘူး သတဲ့။
ပန်းချီ ဝသုန်ရဲ့ ပုဂံခေတ် သရုပ်ဖေါ် ပုံတွေကတော့ အံ့မခန်း လက်ရာပြောင်ပါတယ်။
ဝမ်းနည်းစွာနဲ့ နှမျော တသကြောင်း။ နောင်ဘဝ လူဖြစ်ခဲ့မယ် ဆိုရင် သူ့ပညာ အရည်အချင်းကို ထိုက်ထိုက် တန်တန် ဂုဏ်ပြု ခံရမယ့် နိုင်ငံမျိုးမှာ လူပြန်ဖြစ်ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။

Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
 

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်