ပါမောက္ခ မဟာသရေစည်သူ ဒေါက်တာ ဘဟန် (၁၈၉၀-၁၉၆၉)
(၁)
မြန်မာ့ရေးရာကျွမ်းကျင်သူဆိုသော ပုဂ္ဂိုလ်မျိုးစုံ၏ အသံစုံ အကြံကုန်ကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ လှိုင်းတိုရေဒီယိုများနှင့် အင်တာနက်စာမျက်နှာများတွင် ဟုန်နေအောင် ကြုံဖူးနေကျ ဖြစ်ပါလိမ့်မည်။
ထိုအထဲ နိုင်ငံစုံက ဘွဲ့ပေါင်းစုံရထားသည့် ပါရဂူဒေါက်တာ ဘယ်သူဘယ်ဝါ ဆိုသည်ကို ကြားတိုင်း မြန်မာထဲက အစောဆုံးပါရဂူဘွဲ့ရ ဒေါက်တာကြီးတယောက်၊ မြန်မာပြည်က အင်္ဂလိပ်စာလိုက်စားသူတိုင်းလိုလို သိကြသည့် ကျေးဇူးရှင်ဒေါက်တာတယောက်ကို သတိရမိပါသည်။
ကာလပေါ် ဒေါက်တာများက မြန်မာပြည်သူတွေကို ဘယ်လိုပညာတွေဖြန့်ဝေပေးမည်မသိသော်လည်း ထိုဒေါက်တာကြီး၏ ကျေးဇူးကတော့ ယခုထိ ထင်သာမြင်သာရှိလှသည်။ သူနှင့် တပြိုင်တည်းလိုလို ပါရဂူဘွဲ့ရပြီး ဟိုလွန်လေပြီးသော ၆၅ နှစ်က မြန်မာပြည်တွင် အာဏာရှင်အဓိပတိမင်းကြီးအဖြစ် ဘုန်းတော်ကြီးခဲ့သည့် သူ့ညီ ဒေါက်တာဘမော်ကို ခုခေတ်လူတွေမေ့ကြ သော်လည်း အနှစ် ၄၀-၅၀ က သူပြုစုခဲ့သော တက္ကသိုလ် အင်္ဂလိပ်-မြန်မာအဘိဓာန်မှာ ယခုထိ မြန်မာပြည်တွင် အသုံးကျဆဲ ထွက်သမျှ ရောင်းမလောက်ဆဲ ဖြစ်ပါ၏။
သူနှင့် တနှစ်တည်း ဘီအေအောင်သော ပါမောက္ခ ဖေမောင်တင်မှတ်ချက်အရ“ဤအဘိဓာန်ကို လေ့လာခြင်းဖြင့် မြန်မာ စာသင် သားတို့အား အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုပေးနိုင်သကဲ့သို့ နိုင်ငံခြားသားများအတွက်လဲ မြန်မာဘာသာစကား ကျွမ်းကျင်မှု တွင် အကူအညီ ပေးနိုင်ပါလိမ့်မည်”ဟူသတည်း။ အင်္ဂလိပ်ဆိုရိုးစကားများကို မြန်မာပြန်ဆိုရာတွင် မြန်မာပီပီသသ ထိမိလှပစွာ ပြန်ဆိုသည်ဟူ၍လဲ မှတ်ချက်ချထားသည်။
ထူးသည်က ထိုသို့ မြန်မာဘာသာပိုင်နိုင်သည်ဟု မှတ်ချက်ပြုခံရသော ပါရဂူကြီးမှာ မြန်မာဗုဒ္ဓဘာသာမဟုတ်ပါ။ အာမေနီယန် စပ် သည့် မြန်မာခရစ်ယာန်ဖြစ်ပါသည်။ ထို့အပြင် မြန်မာစာပေနှင့် စကား လူရာမဝင်ဆုံးခေတ်၂၀ ရာစုဦး ဝံသာနုမပေါ်မီခေတ်တွင် လူဖြစ်သော မျိုးဆက်လည်း ဖြစ်ရုံမက စိန်ပေါလ်ကျောင်း၊ ရန်ကုန်ကောလိပ်၊ ကာလကတ္တားနှင့် ကိန်းဘရစ်ခ်ျ၊ ဘော်ဒိုး၊ ဖရိုင်းဘတ် စသည့် ဥရောပ တက္ကသိုလ်ကြီးများတွင် ပညာရှာခဲ့သူလည်း ဖြစ်ပါသည်။ ဘွဲ့ရခါစကလည်း အစိုးရစာတော်ပြန်ဌာန ခေါ်သော ကိုလိုနီအစိုးရမင်းတို့၏ လက်သပ်မွေးဌာနတွင် လုပ်ကိုင်ခဲ့ပါသေးသည်။
သို့သော်လည်း မောင်ဘဟန်၏ ဖခင် မောင်မောင်ကျေးမှာ ၁၈၇၀ ကျော်က ကင်းဝန်မင်းကြီးနှင့် ဘိလပ် ပရန်သစ် စသော အနောက်ကျွန်းက တိုင်းပြည်ကြီးများသို့ သွားသော ဒယ်လီဂိတ် ကိုယ်စားလှယ်အဖွဲ့ဝင်ဖြစ်ခဲ့ပါသည်။ ပညာတော်သင် မသွားရခင် သီပေါမင်း ပါတော်မူသွားသဖြင့် သထုံဘက်တွင် ပုန်ကန်ထကြွစဉ် အရေးနိမ့်၍ ယိုးဒယားပြည်သို့ တိမ်းရှောင်သွားခဲ့ရသည်။
စိန်ပေါလ်တွင် ဘုန်းတော်ကြီးများအုပ်၍ ကြီးခဲ့ရသော မောင်ဘဟန်မှာ ခရစ်ယာန်ဖြစ်လာသော်လည်း မြန်မာစိတ်မပျောက်ပါ။ ညီဖြစ်သူ ဗုဒ္ဓဘာသာဝင် မောင်ဘမော်နှင့်လည်း အနေမစိမ်းဘဲ ချစ်ချစ်ကြင်ကြင်ရှိလှပါ၏။ စာတော်ပြန်ဌာနတွင် အမှုထမ်းနေစဉ် မြန်မာပညာရှိတို့ထံမှ စာပေယဉ်ကျေးမှုတို့ကို နည်းယူဆည်းပူးခဲ့ရုံမက ဦးဖေမောင်တင်၏ဘကြီး စာတော်ပြန်ဝန်ထောက် ဦးထွန်းငြိမ်း၏ အင်္ဂလိပ်-မြန်မာအဘိဓာန် ပြန်လည်တည်းဖြတ်ပုံနှိပ်ရာတွင် ကူညီခဲ့၍ အသက်၂၀ကျော်ကပင် အဘိဓာန်ပညာကို အရေလည်လာခဲ့သည်။
ဥရောပတွင်လည်း ဂျာမန်၊ ပြင်သစ်ဘာသာတို့ကို ကျွမ်းကျင်အောင် သင်ယူခဲ့ကာ အင်္ဂလိပ်စာဆို ဝီလျမ်ဘလိတ်၏ အရေးအသားအကြောင်း ကျမ်းပြုပြီး ပါရဂူဘွဲ့ယူခဲ့သည်။ သမ္မာကျမ်းစာကို အထူးလိုက်စားခဲ့သဖြင့် အင်္ဂလိပ်ဘာသာကို အလွန်ပိုင်နိုင်လာခဲ့သည်။ သို့တွက် ရန်ကုန်တက္ကသိုလ် ဥပဒေမဟာဌာနမှူးဘဝမှ ပင်စင်ယူပြီးနောက် ၁၅ နှစ်အချိန်ယူပြီး လွတ်လပ်ပြီးခေတ် မြန်မာလူငယ်များ ကမ္ဘာနှင့်ပေါင်းကူးရာတွင် အရာရောက်လှသည့် ဤအဘိဓာန်ကြီးကို ပြုစုခဲ့လေသည်။ ထိုအတောအတွင်း ၁၉၅၈ က ဦးနု၏ သုံးလခံ သန့်ရှင်းဖဆပလအစိုးရတွင် ရှေ့နေချုပ်တာဝန်ယူခဲ့ရသေးသည်မှအပ တရားဝန်ကြီးချုပ်၊ သမ္မတ စသည့် အခြားဥပဒေပါရဂူကြီးတွေမျှော်တတ်သည့် ဖုတ်သွင်းရထားများကိုလည်း အာရုံမပြုခဲ့။
(၂)
အဘိဓာန်သာမက မြန်မာစာပေ ယဉ်ကျေးမှုဆိုင်ရာ စာတမ်းများရေးသားပြီး မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်တွင် ထည့်သွင်းခဲ့သော်လည်း မစုစည်းနိုင်ဘဲ တိမ်မြုပ်လုဖြစ်နေသည်က ဝမ်းနည်းစရာပါပေ။
ရှင်ဥတ္တမကျော်တောလားနှင့် လက်ဝဲသုန္ဒရ ရတုများကို အင်္ဂလိပ်လိုပြန်ဆိုခြင်း၊ စိန္တကျော်သူ ကဗျာများ၊ ဦးပုည၏ ဝိဇယ ပဒုမ ပြဇာတ်များ၊ ဝန်စာရေးဦးကြီး၏ ချဉ်ပေါင်ရွက်သည်မောင်မှိုင်း ဝတ္ထုစသည်တို့ကို ဝေဖန်စာများ၊ ရှေးမြန်မာကျေးလက်နှင့်မိသားစု လူမှုဘဝ စသည့်ကြောင်းရပ်ဖြာဖြာနှင့် စပ်လျဉ်းရေးသားခဲ့သည်။
အထူးသဖြင့် ပထမခေတ်သစ်မြန်မာအမျိုးသမီးစာရေးဆရာ မအေးခင်၏ ချစ်ရိုးအမှန် ဝတ္ထု (၁၉၀၉) သုံးသပ်ချက်မှာ ၁၉၁၇ က ရေးသည်ဖြစ်၍ မြန်မာကာလပေါ်ဝတ္ထုကို အစောပိုင်းဝေဖန်စာတပုဒ်အဖြစ်ရော မည်သူမှ မတွေ့ဘူးတော့သလောက်ရှိသည့် မအေးခင်ဝတ္ထုအကြောင်းလေ့လာရာတွင်ပါ အသုံးဝင်လှသည်။ သူကဲ့သို့ ခေတ်ပေါ်မြန်မာစာပေကို စိတ်ဝင်တစား ဝေဖန်ချက်ရေး သူ ဟူ၍ ၁၉၁၀ကျော်က အိုင်စီအက်စ် ဂျေအေစတီးဝပ် (နောင် လန်ဒန်တက္ကသိုလ် ပထမဆုံး မြန်မာဘာသာပါမောက္ခနှင့် အိန္ဒိယ၊ မြန်မာ၊ သီဟိုဠ် (အရှေ့တောင်အာရှနှင့် ကျွန်းစုများ) ဌာနမှူး လောက်သာ ရှိပါသည်။
ဒေါက်တာဘဟန်သည် သုတေသနတန်ဖိုးကိုသိသူဖြစ်ရုံမက ပညာနှင့်ယှဉ်သော မျိုးချစ်စိတ်လည်း ရှိသည်။ ပါမောက္ခလုစ်၏ “မြန်မာအစ ကျောက်ဆည်က” ဟု လူသိများသည့် စာတမ်းကို တယူသန်နိုင်ငံရေးသမားနှင့် ပညာရှင်များ ကန့်ကွက်သည့်ကြားက ကိုယ်စားဖတ်ပေးခဲ့သလို မြန်မာတို့အပေါ် တဖက်သတ်နှိမ့်ချရေးသားသည့် ရာဇဝင်ဆရာ ဟာဗေး (အိုင်စီအက်စ်)အား ၁၉၃၀ တဝိုက်တွင် ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့နှင်းမည့်အကြံကို ဘိလပ်ပြန်မင်းတိုင်ပင်အမတ် ဦးစိုးညွန့် (ပထမဆုံး အမေရိကန်ဆိုင်ရာ မြန်မာသံအမတ်) နှင့်အတူ ဦးဆောင်ကန့်ကွက်ခဲ့သဖြင့် အကြံပျက်သွားခဲ့ဖူးသည်။
စာတော်ပြန်ရုံးတွင် မျက်နှာဖြူအရာရှိတို့၏ မတရားဖိနှိပ်မှုကို မခံလိုသဖြင့် ဥရောပသွားကာ ပါရဂူဘွဲ့ယူပြီး ပြန်အလာတွင် ဝတ်လုံလိုက်ကာ အသက်မွေးခဲ့သည်။
အစိုးရလက်အောက်သို့ ၁၉၆၂ မှ ကျရောက်သည့် သီးခြားလွတ်လပ်သော ရန်ကုန်တက္ကသိုလ်၏ ဥပဒေဌာနတွင် မဟာဌာနမှူး ဖြစ်သည်အထိ အနှစ် ၂၀ကျော် ထမ်းရွက်ခဲ့သည်။ ဆရာစံသူပုန်အပြီး စုစုပေါင်း လယ်သမား ၁၀၂ ယောက်ကို “နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု”နှင့်တရားစွဲသောအခါတွင်လည်း တရားခံများဘက်က ဂဠုန်ဦးစော၊ သာယာဝတီ ဦးပု စသည့် တခြားနိုင်ငံရေးသမားရှေ့နေများနှင့်အတူ ဒေါက်တာဘမော်နှင့် ဒေါက်တာဘဟန်တို့ ညီအစ်ကိုလိုက်ပါ လျှောက်လဲ ပေးကြသည်။
ဂျပန်ခေတ်က ညီဖြစ်သူ အထွဋ်အထိပ်ရောက်စဉ်ကလည်း ဘာရာထူးမှ မယူဘဲ ကမ္ဘာနှင့်မြန်မာ ယဉ်ကျေးမှုပေါင်းကူးစည်ပင်ရေး အတွက် ဖွဲ့သော ပြင်သစ်အကယ်ဒမီပုံစံ ပညာတံခွန်အသင်း ဥက္ကဋ္ဌသာ လုပ်ခဲ့ပြီး စွယ်စုံကျမ်းနှင့် မြန်မာအဘိဓာန် စတင်ပြုစုရေး အတွက် လမ်းဖောက်ပေးခဲ့ကာ ဂျပန်ခေတ် အတွေ့အကြုံကို The Planned State တွင် မှတ်တမ်းတင်ခဲ့သည်။
သန့်ရှင်း-တည်မြဲ အကွဲတွင် ကြားက ဝင်ညှိပေးခဲ့သော်လည်း တရားရေးဝန်ကြီးဒေါက်တာဧမောင် အခြေခံဥပဒေကို လိုရာဆွဲသုံးပြီး ဦးနု၏ ယိုင်လုလုသန့်ရှင်းအစိုးရပြုတ်မကျအောင် ဘတ်ဂျက်ကို သမ္မတအမိန့်နှင့် အတည်ပြုခိုင်းသော ပညာရှင်မဆန်သည့် အကြံမျိုး ပေးသကဲ့သို့ အလိုတော်ရိနည်းမျိုးနှင့် ပညာဈေးမချခဲ့ပါ။
(၃)
အိန္ဒိယအင်ပါယာတွင်းက ကျေးတော်မျိုး ကျွန်တော်မျိုးပြည်နယ်တခုကနေပြီး ဥရောပက ပါရဂူဘွဲ့ယူပြခဲ့သည့် သူတို့ညီအစ်ကို စံနမူကြောင့် ဒေါက်တာထင်အောင်၊ ဒေါက်တာလှဘူး၊ ဒေါက်တာတန်ဘလှီ၊ ဒေါက်တာမောင်သိန်း စသည့် စစ်ကြိုခေတ်မြန်မာ ပါရဂူများ၊ ဒေါက်တာဘမော် နန်းရင်းဝန်ဘဝက လွှတ်သည့် ဒေါက်တာလှဘေ၊ ဒေါက်တာလှမြင့်၊ ဒေါက်တာမောင်မောင်ခ စသည့် စစ်တွင်း ဘိလပ်ပါရဂူများ၊ စစ်ပြီး ဖဆပလနှင့် မဆလ လက်ထက် အနောက်နှင့် အရှေ့အုပ်စုတွင် ဒါဇင်နှင့်ချီပြီး ပါရဂူဘွဲ့ယူသူများ၊ အရးအခင်းနောက်ပိုင်း အတိုက်အခံနှင့် အစိုးရတို့က အသီးသီးအသကလွှတ်သော နိုင်ငံစုံနှင့် ပြည်တွင်းဖြစ် ရာနှင့်ချီသော ပါရဂူ များ စသည်ဖြင့် မြန်မာပါရဂူရေစီးမှာ ၈၅ နှစ်ကျော် ရှည်ကြာခဲ့လေပြီ။ ၁၉၅၀ ၌ ပထမဆုံးမြန်မာအမျိုးသမီး ပါရဂူ အဖြစ် ပထဝီဝင် ပညာတွင် ဒေါ်သင်းကြည်က အမေရိကန်မှဆွတ်ခူးသည်။ ဒေါက်တာဘဟန်ချွေးမ မြန်မာ ခရစ်ယာန် ကလျာဏယုဝတီ အသင်း ဒု ဥက္ကဋ္ဌဟောင်း အမ္မာဘရုပ်ညွန့်ဟန် ခေါ် ဒေါ်အေးသန့်သည်လည်း အမေရိကတွင် လူမှုဝန်ထမ်းပါရဂူဘွဲ့ ယူခဲ့သည်။
သူကွယ်လွန်ချိန်က“ဒေါက်တာဘဟန်သည် မြင့်မြတ်တော်ဖြောင့်သော လမ်းစဉ်ကို ကျင့်သုံးပြီး မတုန်လှုပ်သော သမာဓိဂုဏ်နှင့် ပြည့်စုံသည်”ဟု သူ့နေရာ ဥပဒေမဟာဌာနမှူး တာဝန်ကို ဆက်ခံသော လွှတ်တော်ချုပ် တရားဝန်ကြီးဟောင်း ဦးကျော်မြင့် (အာဇာနည်လုပ်ကြံမှု ခုံရုံး တရားသူကြီး)က ချီးကျူးခဲ့ပါသည်။
မှန်ပါသည်။ ဒေါက်တာကြီးသည် ကွယ်လွန်ခါနီးတွင် သမီးရေးမြေးရေးမပြေလည်သည်အထိ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌကြီး ငြိုငြင်ခံခဲ့ရသော်လည်း တချို့တချို့သော ပါရဂူ လူတတ်တို့ကဲ့သို့ စစ်အစိုးရစိတ်ကြိုက် တက္ကသိုလ်မဟာဌာနများ၏ စုစည်း ညီညွတ်မှုကို သီးခြားတက္ကသိုလ်များအဖြစ်ခွဲခြားပစ်သော၊ ပညာရပ်စာအုပ်သစ်များကို အလျဉ်မီ ဘာသာပြန်နိုင်သည့် လူအင်အား မရှိဘဲ မြန်မာဘာသာကို သင်ကြားရေးမဏ္ဍိုင် လုပ်ခိုင်းသော စသည့် ပညာရေးရာဇဝတ်မှုများဖြင့် မျိုးဆက်သစ်များကို အညွန့်ကျိုး အောင်လုပ်ပြီး ကျွန်ခေတ်တွင် လူရာဝင်အောင် ကြိုးပမ်းအားထုတ်မှုမျိုး ဘယ်ခေတ်တွင်မှ မလုပ်ခဲ့ဘဲ ပညာရေးနှင့်ဘာသာရေးတို့ တွင်သာ သက်ဆုံးတိုင် မြှုပ်နှံသွားသော ပညာရှိသူတော်ကောင်းတဦးဖြစ်ပါသည်။
ထို့ထက် မြန်မာစာပေနှင့် လူမှုဓလေ့ကို မြတ်နိုးလိုက်စားသော၊ ပေမီဒေါက်မီ အဘိဓာန်ကျမ်းပြု မြန်မာ့ရေးရာကျွမ်းကျင်သူ ပါရဂူ စစ်စစ် ဟု ဂုဏ်ပုဒ် တပ်လောက်သောသူလည်း အဟုတ်ဖြစ်ပါ၏။
စာကိုး
မောင်ဇေယျာ။ ။ အင်္ဂလိပ်-မြန်မာအဘိဓာန်ကျမ်းပြု ဥပဒေပညာရှင် (ဒေါက်တာဘဟန်)၊
ကမ္ဘာသိမြန်မာများနှင့် ကမ္ဘာသိမြန်မာ စာအုပ်များ၊ ယူနတီစာပေ၊ ၂၀၀၇ နိုဝင်ဘာ၊ ရန်ကုန်။
(ပြီးခဲ့သည့် ဇန်န၀ါရီလ ၃၀ ရက်နေ့က ကျရောက်သော ဒေါက်တာ ဘဟန်၏ နှစ် ၁၂၀ မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဤဆောင်းပါးကို ဂုဏ်ပြု ဖော်ပြပါသည်။)
written by apple , February 12, 2010
ချေပထားတဲ့သူကတော့ ရှင်းပါတယ်။ စာရေးဆရာ ကိုယ်တိုင် ရှင်းချင်တာရှိလို့ comment နဲ့ဝင်ရှင်းတာနေပေါ့။
written by nadimon, February 09, 2010
written by မမေ, February 09, 2010
written by Ma Ma, February 09, 2010
written by U Zin Wanna, February 08, 2010
written by သင်းသင်း, February 08, 2010
written by creme' de la creme', February 08, 2010
On your phrase,
ဒေါက်တာ ဘဟန် ကို မြန်မာ့အရေး ကျွမ်းကျင်သူလို့ ပြောဆိုတာ မကြားဘူးပါ။ မြန်မာစာကို တဖက်ကမ်းခတ် ကျွမ်းကျင်သူ လို့ပဲ ကြားဘူးသလို သိထား ရပါတယ်။
How do you understand this vague term 'Burma Specialist'? Do you think it's only concerned with politics, economics and so called development? Also will you accept those Burmese graduates from the west or east universities can automatically assume themselves with this label? Pity!
written by Theingyi Pabedan, February 08, 2010
written by Zayyar Lwin, February 08, 2010
By reading this, I learned about our hidden heros.
Good work and keep it up.
written by seinnmya, February 08, 2010
written by TSM, February 08, 2010
တခုပြောပါရစေ။ မြန်မာ့အရေးကျွမ်းကျင်သူ ဆိုတဲ့ ဂုဏ်ဝိသေသ နဲ့ ပါရဂူဘွဲ့ရ ဆိုတဲ့ ဝိသေသဟာ မိုးနဲ့မြေ ကွာခြားပါတယ်။ ဆိုက်ကားသမား တယောက်ဟာ မြန်မာ့အရေးကျွမ်းကျင်သူ ဖြစ်နိုင်ပေမယ့် ပါရဂူဘွဲ့ရ မဖြစ်နိုင်ပါဘူး။ ဒေါက်တာ ဘဟန် ဟာ ပါရဂူဘွဲ့ရတဲ့အပြင် မြန်မာစာကို တဖက်ကမ်းရောက်အောင် ကျွမ်းကျင်တတ်မြောက်သူ ဖြစ်တယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်တဲ့ သူ့လုပ်ဆောင်ချက်တွေက ပြနေပါတယ်။
ဒေါက်တာ ဘဟန် ကို မြန်မာ့အရေးကျွမ်းကျင်သူလို့ ပြောဆိုတာ မကြားဘူးပါ။ မြန်မာစာကို တဖက်ကမ်းခတ် ကျွမ်းကျင်သူလို့ပဲ ကြားဘူးသလို သိထားရပါတယ်။
ဒီလိုစာကောင်းတွေ မျှဝေပေးတာ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အများအသိအမှတ်ပြုထားတဲ့ တက္ကသိုလ်တခုခုက ပါရဂူဘွဲ့ရတွေနဲ့ လှိုင်းတိုလှိုင်းရှည်က အာကျယ် မြန်မာ့အရေး ကျွမ်းကျင်သူတွေကိုတော့ တန်းတူမထားပါနဲ့။ ဘာမှမဆိုင်တဲ့ ကိစ္စပါ။
ခင်ဗျားကိုယ်တိုင် ပါရဂူဘွဲ့တလုံး ရအောင်ယူပြီး ဒေါက်တာဘိုဘိုလန်းစင် ဆိုတဲ့စာတွေကို ဖတ်ရှုပါရစေ။ ပညာရှင်ကိုအထင်သေးတဲ့တိုင်းပြည်ထဲမှာ ဗမာပြည် ထိပ်တန်းကပါသလို၊ ပညာရှင်အထင်သေးတဲ့ လူမျိုးထဲမှာ ဗမာလူမျိုးတွေမပါ ပါရစေလို့ ဆုတောင်းပါတယ်။
ပါရဂူဘွဲ့ရ၊ ကျွမ်းကျင်သူ၊ လေ့လာသူ ဆိုတဲ့ စကားလုံးတွေဟာ စကားလုံးမတူ သလို၊ အဓိပ္ပယ်ကွဲပြား ခြားနားကြပါတယ်။
"မြန်မာ့ရေးရာကျွမ်းကျင်သူဆိုသော ပုဂ္ဂိုလ်မျိုးစုံ၏ အသံစုံ အကြံကုန်ကို ဟုတ်သော်ရှိ မဟုတ်သော်ရှိ လှိုင်းတိုရေဒီယိုများနှင့် အင်တာနက်စာမျက်နှာများတွင် ဟုန်နေအောင် ကြုံဖူးနေကျ ဖြစ်ပါလိမ့်မည်။"
လေးစားစွာဖြင့်
TSM
written by Ko San Tint, February 07, 2010
written by Min Htet, February 07, 2010
written by Satt Suu Lay, February 07, 2010
အထင်မှားနိုင်တယ်လို့ တွေးမိခဲ့ဘူးတယ်။ ဘိုဘိုရဲ့အခုဆောင်းပါးက လူငယ်တွေအတွက်သာမက ကျွန်တော့်လို ၆၀-နားနီးတွေအတွက်လဲ မြန်မာပြည်အတွက် ဘာတွေ(လုပ်နိုင်ရင်)လုပ်ခဲသင့်တယ် ဆိုတာ ရည်ညွှန်းနေပါတယ်။
written by Theingyi Pabedan, February 07, 2010
I also like your jibe at the modern political windbags masquerading "scholars".. Sweet.
written by Ko Ko, February 07, 2010
written by Kyaw M. Naing, February 07, 2010
written by မေငြိမ်း, February 06, 2010
written by Dr Maung Maung Nyo, February 06, 2010
It's indeed a pleasure to read your tribute to the late Dr Ba Han. He was such an accomplished Burmese scholar and lexicographer that we should be proud of. I have read his translation of the Meza Taung Chey Ratu in the JBRS. I was wondering how a Christian and lawyer could translate it into English so well and I now know the reasons from your article. I think many Christian Burmese are patriotic like him, U Tun Nyein and U Pe Maung Tin etc. This is proof of one's loyalty and love of the country one is born in irrespective of race and religion.
Thank you very much for a very nice article.















