သီတင်းကျွတ်ကို တမ်းတမိပေါ့ ဒေဝါလီပွဲတော်…

E-mail Print

အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည် အများစုနေထိုင်ရာ နယူးဒေလီမြို့အနောက်ပိုင်းရှိ ဗီဂတ်စ်ပူရီရပ်ကွက်တွင် လျှပ်စစ်မီးရောင်စုံများ၊ ကလေးငယ်များ၏ ပျော်ရွှင်စွာအော်ဟစ်သံများ၊ အိန္ဒိယတိုင်းသားတို့၏ “ပျော်စရာ ဒေဝါလီ ရက်မြတ်ပါ” ဟု အပြန်အလှန် နှုတ်ခွန်းဆက်သံများဖြင့် စည်ကားနေသည်။


ဈေးများတွင်လည်း လက်ဆောင်ပစ္စည်းဝယ်ယူသူများနှင့် စည်ကားနေပြီး ဈေးလမ်းထောင့်များရှိ ဒန်းဆွဲသူများ ရှေ့ရှိ ထိုင်ခုံငယ်လေးများတွင်လည်း လက်ဖမိုးတို့တွင် အလှပုံဖော် ပန်းကွက်များ ရေးဆွဲလိုသူ အမျိုးသမီးငယ် များနှင့် ပြည့်နှက်နေသည်။

မြန်မာနိုင်ငံရှိ သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် အလားသဏ္ဍာန်တူသော ဒေ၀ါလီပွဲ (ခ) ဒီပါဝါလီ အခင်းအကျင်းကြောင့် အမိတိုင်းပြည်ကို လွမ်းဆွတ်လှသည်ဟု ပြောဆိုလာသူမှာ လွန်ခဲ့သည့် ၂ နှစ်ခန့်က အိန္ဒိယသို့ရောက်လာသော လူငယ် တဦးဖြစ်သည်။

“မြန်မာပြည်မှာက သီတင်းကျွတ်၊ တန်ဆောင်တိုင်ဆိုရင် ဘိုးဘွားမိဘတွေကို ကန်တော့ကြ၊ ဆီမီးတွေထွန်းကြ၊ ဘုန်းကြီးကျောင်း၊ ဘုရားတွေသွားကြနဲ့ သိပ်ပျော်ဖို့ကောင်းတယ်။ ဒေ၀ါလီနဲ့ပတ်သက်ပြီး ခံစားချက်တော့ မရှိပေမယ့် ဟိုက သီတင်းကျွတ်၊ တန်ဆောင်တိုင်ကို သတိရတယ်ဗျ” ဟု သူက ပြောပြသည်။



ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့က အိန္ဒိယရောက် မြန်မာလူငယ်များသည် ရွှေဝါရောင်ကျောင်းတိုက်မှ သံဃာတော်များကို ဆွမ်းကပ်ခြင်း၊ ငါးပါးသီလ ခံယူခြင်း၊ ဆီမီးများ ထွန်းညှိခြင်း၊ ညနေပိုင်းတွင် မြန်မာ့ ရိပ်သာခန်းမ၌ လူငယ်များ စုပေါင်း၍ သီချင်းများ သီဆိုဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြသေးသည်။

ထိုကဲ့သို့ တတ်နိုင်ရာအလိုက် ဆင်နွှဲခဲ့ကြသော်လည်း မိမိတိုင်းပြည်တွင် နေထိုင်စဉ်ကကဲ့သို့ ခံစားမှုမျိုး မရရှိခဲ့ပါဟု သူကဆိုသည်။

သူက “ကျနော့်မိဘတွေကို ကျနော်ကန်တော့ချင်တယ်။ ဘုရားပေါ်တက်ဝတ်ပြုချင်တယ်။ ဒါပေမယ့် ဒီမှာ ဒီအခွင့်အရေးတွေ မရဘူး။ ကျနော် အိမ်ကိုပြန်ချင်တယ်”ဟု ပြောပါသည်။

ဒီပါဝါလီခေါ် ဒေ၀ါလီ မီးထွန်းပွဲတော်သည် ဟိန္ဒူဘာသာ လွှမ်းမိုးရာ အိန္ဒိယနိုင်ငံ၏ တနှစ်တာအတွင်း အကြီးကျယ်ဆုံးသော ပွဲတော်တခုဖြစ်သည်။

နတ်ဆိုးများကို နှိမ်နင်းပြီး ပြန်လာသော ဟိန္ဒူနတ်ဘုရားတပါးဖြစ်သည့် ရာမကို ဆီမီးများထွန်း၍ ကြိုဆိုပူဇော်ခြင်း၊ မကောင်းဆိုးဝါးများ၊ မကောင်းသည့်အတိတ်နိမိတ်များကို အောင်နိုင်ခြင်း၊ နိဗ္ဗာန်ရရှိခြင်း စသည့်အဓိပ္ပာယ်များကိုဖော်ဆောင်သည့် ဒေ၀ါလီ မီးထွန်းပွဲတော်ကို အိန္ဒိယတိုင်းသားတို့က ရိုးရာမပျက် နှစ်စဉ်ကျင်းပလေ့ရှိသည်။

ဟိန္ဒူပြက္ခဒိန်အရ အောက်တိုဘာသို့မဟုတ် နိုဝင်ဘာလအတွင်း ကျရောက်လေ့ရှိသည့် ပွဲတော်ချိန်တွင် ရိုးရာဖြစ်သည့် ဆီမီးခွက်များ၊ ဖယောင်းတိုင်များ ထွန်းညှိကြသကဲ့သို့ တချို့ကလည်း ရောင်စုံလျှပ်စစ်မီးများဖြင့် နေအိမ်များကို အလှဆင်ကြသည်။ ဧည့်သည်များကို မလိုင်နှင့် အချိုမုန့်များဖြင့် တည်ခင်းဧည့်ခံကြသည်။ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးလေ့ရှိကြသည်။

အိန္ဒိယနိုင်ငံရောက် မြန်မာဒုက္ခသည် အများစုအတွက် ဒေ၀ါလီပွဲတော်မှာ စိတ်ကျဉ်းကြပ်မှုများဖြေဖျောက်ရာ ပျော်ရွှင်ဖွယ်ပွဲတော်တခုပင်ဖြစ်သည်။

သုံးနှစ်နှင့် ၈ နှစ်အရွယ် သားငယ် ၂ ဦးကို ကစားကွင်းသို့ ခေါ်ဆောင်လာသည့် မနှင်းယုနွယ်ကလည်း “ကျမတို့ဒီမှာက အိမ်ခန်းကျဉ်းလေးတွေမှာပဲ နေကြရတော့ ကလေးတွေအတွက်က သူတို့ ဆော့ကစားဖို့ ပျော်ဖို့က ဒီလိုပွဲမျိုးပဲ ရှိတာလေ။ အဓိက ကလေးတွေလွတ်လွတ်လပ်လပ်ပျော်နေတာမြင်တော့ မိခင် တယောက် အနေနဲ့ ပျော်တာပေါ့နော်”ဟု ပြောပြသည်။

သူ့အနေဖြင့် မြန်မာပြည်၏ ရိုးရာပွဲတော်များကို ဆင်နွှဲခဲ့ရဖူးခြင်းမရှိ၍ မြန်မာပြည်မှ ပွဲတော်များကို ကြုံတွေ့ ဖူးချင်သကဲ့သို့ သူ၏ သားငယ်လေးများကိုလည်း မြန်မာ့ပွဲတော်များကို တွေ့ဖူးစေချင်သည်ဟု ပြောသည်။

“ကျမငယ်ငယ်လေးကတည်းက နယ်စပ်မှာ ကြီးလာတာဆိုတော့ မြန်မာပြည်ထဲက ပွဲတွေကို သွားချင်တယ်။ ကလေးတွေကလည်း ဒီဘက်မှာ မွေးတာဆိုတော့ ဒီပွဲက သူတို့ပွဲလိုပဲဖြစ်နေတာလေ။ ဗမာပြည်က ပွဲတွေကို သူတို့ကိုလည်း ပြချင်တာပေါ့” ဟု သူက ဆက်ပြောသည်။

အိန္ဒိယနိုင်ငံမှ ဒေ၀ါလီပွဲတော်၏ ထူးခြားမှုတခုမှာ မကောင်းသောအရာများကို မောင်းထုတ်သည့် အနေဖြင့်လည်းကောင်း၊ စီးပွားတိုးတက်စေသည်ဆိုသည့် အယူအဆအဖြင့်လည်းကောင်း ဗြောက်အိုးများ မီးရှူးမီးပန်းများကို တနေ့လုံး၊ တညလုံး ပစ်ဖောက်ကြခြင်းဖြစ်သည်။

ထို့အတူ မူလတန်းကျောင်းသား ကျောင်းသူကလေး များကလည်း အန္တရာယ်ကင်းသော ဒေ၀ါလီပွဲတော်ကို ဆင်နွှဲကြပါရန် နှိုးဆော်သည့် လှုပ်ရှားမှုများ၊ လက်ကမ်းစာစောင်များ ဝေငှကြပြီး ရုပ်မြင်သံကြားလိုင်းများ ကလည်း ပြည်သူ့အချစ်တော် အနုပညာရှင်များ၊ အားကစားသမားများ၏ ဆိတ်ငြိမ်အေးချမ်းသော ဒေ၀ါလီပွဲ ဆင်နွှဲမည့် အကြံဉာဏ်များလွှင့်ထုတ်၍ ပညာပေးကြသည်။

ထိုသို့ပညာပေးမှုများကြောင့် ယခုနောက်ပိုင်း ဒေ၀ါလီပွဲတော်များတွင် ဗြောက်အိုး၊ မီးရှူးမီးပန်း ပစ်ဖောက်မှုများ သိသာစွာလျော့နည်းသွားပြီး နောက်ဆက်တွဲ အကျိုးဆက်များ အလွန်နည်းပါးသွားသည်ဟု ဒေလီမြို့ခံများက ဆိုသည်။

ယခင်ကမူ ဗြောက်အိုး၊ မီးရှူးမီးပန်း ပစ်ဖောက်မှုများ၏ နောက်ဆက်တွဲအဖြစ် ထိခိုက်ဒဏ်ရာရခြင်း၊ ဆူညံမှုများကြောင့် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များ၏ အကြားအာရုံထိခိုက်ခြင်း၊ လေထု ညစ်ညမ်းမှုများဖြစ်ပေါ်ခြင်း၊ ကျေးငှက်များ သေဆုံးခြင်းတို့ များစွာဖြစ်ပေါ်ခဲ့သည်ဟု ဆိုကြသည်။

ဗြောက်အိုးသံ ဆူဆူညံညံတို့မှာ အိန္ဒိယရောက် မြန်မာလူငယ်များအတွက် အထူးအဆန်းဖြစ်နေပြီး ယခုအချိန် အထိ ဗြောက်အိုးသံများကို လန့်နေမိသည်ဟု လွန်ခဲ့သည့် ၂ နှစ်ခန့်က အိန္ဒိယသို့ရောက်လာသော ကိုထွန်းလွင် ကဆိုသည်။

“ဒီက ဗြောက်အိုးတွေက ဗမာပြည်မှာ ဖောက်ရတာတွေထက် ၁၀ ဆလောက်အသံပိုကျယ်တယ်။ ကျနော် အခုချိန်ထိ ဗြောက်သံကြားရင် သေနတ်ပစ်တာလား ဗုံးပေါက်တာလားလို့ ထင်ပြီး လန့်နေတုန်းပဲ” ဟု သူက ဆက်ပြောပြသည်။

မြန်မာနိုင်ငံတွင်မူ သီတင်းကျွတ်နှင့် တန်ဆောင်တိုင်ပွဲတော်ကာလများ၌ ဗြောက်အိုး၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းကို တင်းကျပ်စွာတားမြစ်ထားပြီး ရောင်းချသူ၊ လက်ဝယ်ထားရှိသူများကို ဖမ်းဆီး အရေးယူမည် ဟူသော ကြေညာချက်များကို သတင်းစာနှင့် ရုပ်မြင်သံကြားများတွင် ဖော်ပြလေ့ရှိသည်။

ကိုထွန်းလွင်က ဆက်လက်၍ “ဒီက ကလေးလေးတွေ ဗြောက်ဖောက်တာ မကြောက်ကြဘူး။ သူတို့ လွတ်လွတ် လပ်လပ် ပျော်ပျော်ပါးပါးရှိကြတယ်။ ဖမ်းတာ ဆီးတာလည်း မရှိဘူး။ ကစားကွင်းတွေဆိုလည်း ဗမာပြည်မှာလို လောင်းကစားဝိုင်းပါတာမျိုး မရှိဘူး။ ကလေးတွေချည်း သီးသန့်ပျော်ဖို့လုပ်ထားတာ။ ဗမာပြည်မှာတော့ ပွဲတခုခုဆို လောင်းကစားဝိုင်းကများတယ်” ဟုပြောသည်။

မနှင်းယုနွယ်ကမူ “ကျမ သားအငယ်လေးက ဗြောက်အိုးသိပ်ဖောက်ချင်တယ်၊ အကြီးကကျတော့ ကြောက် တတ်တယ်။ အခုလည်း သူတို့ ဗြောက်အိုးဖောက်ချင်တယ်၊ ပွဲခင်းထဲသွားချင်တယ်၊ နေ့တိုင်း ပူဆာနေတာ။ သူတို့အတွက် အန္တရာယ်ကင်းတဲ့ ဗြောက်အိုးလေးတွေတော့ ၀ယ်ဖောက်ပေးရတယ်။ သူတို့က သိပ်ပျော်နေကြ တာ”ဟု သားငယ်များကို တွဲခေါ်၍ ရဟတ်များရှိရာသို့ ဦးတည်သွားရင်း ပြောပြပါသည်။

ဒေ၀ါလီနေ့၏ မိုးကောင်းကင်တွင် မီးခိုးမှိုင်းများပြည့်နှက်နေပြီး လေထုထဲတွင်လည်း ယမ်းနံ့များ၊ မီးခိုးနံ့များ၊ နားကွဲမတတ် ဆူညံသော ဗြောက်ဖောက်သံများနှင့် ပြည့်နှက်နေသည်။ အိန္ဒိယ တိုင်းသားတို့ကတော့ ရိုးရာ တူရိယာများ တီးမှုတ်ကာ ပျော်ရွှင်စွာ သီဆိုကခုန်ရင်း ရိုးရာပွဲတော်ကို အပူအပင်ကင်းမဲ့စွာ ဆင်နွှဲနေကြ လေသည်။

Comments (1)Add Comment
0
ဒါဖက်ပါ
written by Reena je, November 24, 2009
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရွှေဂုံတိုင် ကြေညာချက်ပါ ကမ်းလှမ်းချက်တွေ မြန်မာနိုင်ငံမှာ လက်တွေ့ အကောင်အထည် ဖြစ်လာဖို့ ဂျပန် အပါအ၀င် ဒေသတွင်း အစိုးရတွေ အနေနဲ့ စစ်အစိုးရကို ဖိအားပေးဖို့ လိုမယ်လို့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။ ရွှေဂုံတိုင် ကြေညာချက် အထောက်အကူဖြစ်မယ့် ဆွေးနွေးပွဲတခုကို မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ ဂျပန်နိုင်ငံ တိုကျိုမှာ ပြုလုပ်ခဲ့ရာမှာ ဂျပန်နိုင်ငံရဲ့ လက်ရှိ အစိုးရ အာဏာပိုင်တွေလည်း တက်ရောက်ခဲ့ပါတယ်။ ဒီအစည်းအဝေးမှာပဲ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ဂျပန်အာဏာပိုင်တွေကို အခုလို တိုက်တွန်းသွားတာ ဖြစ်ပါတယ်။ အပြည့်အစုံကို မအေးအေးမာက တင်ပြပေးထားပါတယ်။

ဂျပန် အာဏာရ အစိုးရအဖွဲ့က ၀န်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဂျပန်နိုင်ငံက အလုပ်သမား အဖွဲ့ကြီးတွေက ကိုယ်စားလှယ်တွေ၊ အာဆီယံ နိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တဲ့ မြန်မာ့ရေးရာ နှီးနှောဖလှယ်ပွဲကြီးမှာ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ညွန့်ပေါင်းအစိုးရရဲ့ အလုပ်သမားရေးဝန်ကြီး ဦးခွန်မြင့်ထွန်းက သူ့ရဲ့တောင်းဆိုချက်တွေကို အခုလိုပြောပြပါတယ်။

မူဟာမတ် ဖိုက်ဆဲလ်


Write comment
မှတ်ချက်မပေးမီ ဒါဖတ်ပါ (Click here)
မှတ်ချက် (comment) များရေးသားရာတွင် သင့်လျော်သည့် အဖြတ်အတောက် (space) များဖြင့် ရေးသားပါရန်။

smaller | bigger

busy
Last Updated ( Saturday, 24 October 2009 20:11 )  

  • သူ့အတွေး သူ့အမြင်
  • အယ်ဒီတာ့အာဘော်

အစားထိုး မရနိုင်သော ပုံရိပ်

နိုင်ငံတခုစီတွင် သီးခြားလက္ခဏာဆောင်သော ပုံရိပ် (Image) များရှိကြရာ မြန်မာ သို့မဟုတ် Burma ဆိုလျှင် ရွှေတိဂုံစေတီ တော်သည် မြန်မာနိုင်ငံ၏ ပုံရိပ်တခုအဖြစ် ပြေးမြင်ကြသည်။

အပြည့်အစုံသို့

ပျက်ခဲ့သည့်သစ္စာနှင့် ပြိုကွဲလေသည့် နိုင်ငံတော်

လွန်ခဲ့သည့် ၆၃ နှစ်က မြန်မာ့ လွတ်လပ်ရေး ခေါင်းဆောင် ဗိုလ်ချုပ် အောင်ဆန်းနှင့် မြန်မာနိုင်ငံ၏ အဓိကကျသည့် တိုင်းရင်းသား ခေါင်းဆောင်များက ရှမ်းပြည်နယ် တောင်ပိုင်း ပင်လုံမြို့တွင် စုဆုံကြ၍ သမိုင်းဝင် စာချုပ်တခုကို

အပြည့်အစုံသို့

ရုပ်သံကဏ္ဍ

Donate to Irrawaddy

ငွေလဲနှုန်း

မတ် ၁၂၊ ၂၀၁၀
၁ ဒေါ်လာ = ၁၀၀၄ ကျပ်
၁ ဘတ် = ၃၀.၁၅ ကျပ်